Home စစ်ရေး KIA ဦးဆောင်ပြီး ရှမ်းနီလူမျိုး၊ ဒေသတို့ကို လူမျိုးတုံး၊ ဒေသပြုန်းဖို့ လုပ်ဆောင်နေဟု ပြော

KIA ဦးဆောင်ပြီး ရှမ်းနီလူမျိုး၊ ဒေသတို့ကို လူမျိုးတုံး၊ ဒေသပြုန်းဖို့ လုပ်ဆောင်နေဟု ပြော

by Homeland Author

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်ပြီး လက်နက်ကိုင်အဖွဲ့အချို့ဟာ ရှမ်းနီဒေသ၊ ရှမ်းနီလူမျိုးတို့ကို လူမျိုးတုံး၊ ဒေသပြုန်းစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတယ်လို့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ (SNUC) မှ သဘောထား ထုတ်ပြန်ခဲ့သည်။

KIA ရဲ့ ဦးဆောင်မှုအောက်မှာ KPDF၊ HPDF၊ NPDF (နာဂ)၊ KNA(B)၊ ကတူး PDF တို့ ပါဝင်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟုမ္မလင်းမြို့နယ်၊ ဆယ်ဇင်း၊ ပါဟုတ်ကြီး၊ ရာလားကောင်းတို့ကို မတရားကျူးကျော်တိုက်ခိုက်ပြီး လူနေအိမ်တွေကို မီးရှို့တာ၊ မတရားလူသစ်စု ဖမ်းဆီးတာ၊ ရွှေပြည်အေး၊ နားမော်၊ လောင်းမင်း၊ တီလောင်၊ မြင်သာ၊ ငိုးပင်းဒေသတွေကို မတရားကျူးကျော်တိုက်ခိုက်သိမ်းပိုက်တာ အလားတူ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မန်စီမြို့နယ်တွေကို မတရားကျူးကျော်ပြီး နယ်မြေတွေ သိမ်းပိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးညှင်းမြို့နယ် အင်းတော်ကြီးကျေးရွာစုံမှ ကျား/မ မရွေး အိမ်ပေါ်တက်၍ လည်းကောင်း၊ လုပ်ငန်းခွင်၌ လည်းကောင်း၊ ဘာသာရေးပွဲဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ လည်းကောင်း မတရား လူသစ်စု ဖမ်းဆီးတာ၊ ငွေကြေးတွေနဲ့ ရွေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တမူးမြို့နယ် မြို့သစ်-သနန်ကျေးရွာမှာ မိသားစုလိုက်အပါအဝင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ၊ ဒေသတွင်း လူထုကို မတရားလိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။

အလားတူ ဗန်းမောက်မြို့နယ် ပင်းခါး၊ ကြောင်လည်၊ မံလူး၊ မံယူ ဒေသခံကျေးရွာသားတွေ ပညာရေးဝန်ထမ်းတွေကို မတရားဖမ်းဆီးတာ၊ ရှမ်းနီလူထုကို မတရားဖမ်းဆီးချုပ်နှောင်ထားတာ၊ လူသစ်ရရှိဖို့ လယ်ယာလုပ်ငန်းခွင်မကျန် လိုက်လံဖမ်းဆီးတာ၊ တိုက်ပွဲကြားအတွင်း ရှမ်းနီလူထုကို ရှေ့တန်းမှာ ရပ်တည်စေ၍ လူသားဒိုင်းဖန်တီးတာ၊ ကျေးရွာ၊ လယ်ယာလုပ်ငန်းခွင် ပတ်ဝန်းကျင်တွေမှာ မိုင်းထောင်တာ၊ ကုန်သည်အချို့နဲ့ ပူးပေါင်းပြီး သစ်ထုတ်တာတွေကို KIA နဲ့ ၎င်းတို့ လက်အောက်ခံ အဖွဲ့အစည်းတွေက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အင်းတော်မြို့နယ်မှာ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်တာ၊ ကုန်ပစ္စည်းတွေကို မတရားအခွန်ကောက်တာ၊ မတရားပိတ်ဆို့တာ၊ လူသစ်စုဆောင်းတာ၊ ဖမ်းဆီးနှိပ်စက်တာတွေကို ကျူးလွန်နေတယ်လို့ ပြောပါတယ်။

အဆိုပါ လုပ်ရပ်တွေကို SNUC/SNA အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပြီး ၎င်းကျူးလွန်မှု တွေကို ရပ်တန့်နောက်ဆုတ်ခြင်း မရှိပါက တူညီသော အကျိုးဆက်တွေကို ခံစားတွေ့ကြုံ ကြရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် KIA/PDF တွေထံ လက်နက်ကိုင်တွေအဖြစ် ရောက်ရှိနေကြတဲ့ မတရားစုဆောင်း ဖမ်းဆီးခံ ရှမ်းနီမျိုးနွယ်တွေ မိမိတို့ထံ စစ်မှန်တဲ့ မိမိတို့ အမျိုးသားအကျိုးအတွက် အမြန် ပြန်လည်ဝင်ရောက်ကြ၍ လက်တွေ့လုပ်ဆောင်နိုင်ဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ (SNUC) ရဲ့ ဦးဆောင်မှုနဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ဟာ ရှမ်းနီအမျိုးသားပြည်သူများ၊ ရှမ်းနီဒေသတွင်းနေ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခြားတစ်ဖက်မှာလည်း KIA နဲ့ ၎င်းတို့ လက်အောက်ခံတပ်ဖွဲ့တွေဟာ SNA ထိန်းချုပ်ဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment