မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းနီလူမျိုးတွေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။
ပင်းကြိုင်းကျေးရွာသားတွေ ပြန်လွတ်လာပြီဆိုသည်မှာ မှန်ကန်ကြောင်း နဲ့ အသေးစိတ်အခြေအနေကို မသိရှိသေးဘူးလို့ မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။
“၂၅ ရက်နေ့က ပြန်လွတ်လာပါတယ်။ ဆားမှော်အရှေ့လမ်းကနေ ပြန်လာကြတာပါ။ ညှိနှိုင်းမှု ရှိမရှိတော့ မသိရဘူး” လို့ အဆိုပါ မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။
ပင်းကြိုင်းကျေးရွာသား ရှမ်းနီအားလုံး ပြန်လွတ်လာပြီဖြစ်ပြီး ကချင်အချို့ကိုတော့ KIA က ဆက်လက်ဖမ်းဆီးထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
KIA က ပင်းကြိုင်းရွာသားတွေကို တစ်အိမ်တက်ဆင်းပြီး ဖမ်းဆီးခံရသူ အများဆုံးမှာ ရှမ်းနီလူမျိုးတွေဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်မှ ၄၅ နှစ်အထိ ပါဝင်တယ်လို့ သိရပါတယ်။
မိုးကောင်းဒေသခံတစ်ဦးကလည်း ” ရှမ်းနီတပ် SNA လည်း စွမ်းပါတယ်။ KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မိုးကောင်းမြို့နယ်၊ ပင်းကြိုင်းကျေးရွာမှ ရှမ်းနီလူမျိုး ၅၆ ဦး ပြန်လည် လွတ်မြောက်လာပါပြီ။ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြသော SNA ရှမ်းနီတပ် နဲ့ ရှမ်းနီမိဘပြည်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း နန်းမား နဲ့ ဟိုပင်ကြားမှာ ဆီသွားသယ်တဲ့ ကုန်ကားသမားအပါအဝင် ရာဂဏန်းနီးပါးကို KIA က တပ်သားသစ်စုဆောင်းသွားတယ်လို့ သိရပါတယ်။
ယခုနှစ် ဇန်နဝါရီအတွင်း အင်းတော်ကြီးဒေသ မိုင်းနောင်၊ မမုန်ကိုင်၊ လုံးကောက်၊ နမ့်ဖောင်ဆည်ကျေးရွာတွေကိုလည်း နေအိမ်အထိ တက်ရောက်ပြီး လူငယ် ၂၀၀ ဝန်းကျင်ကိုတပ်သားသစ်စုဆောင်းကာ တပ်ရင်း ၂၆ ကို ပို့ပြီး သင်တန်းပေးနေတယ်လို့ သိရပါတယ်။