ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ နယ်မြေအငြင်းပွားမှု ပြဿနာ မကြီးထွားလာစေဖို့ ထိန်းသိမ်းဆောင်ရွက် သွားရမှာဖြစ်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်က ပြောကြားလိုက်တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက မန်တုံမြိုနယ်အတွင်း TNLA နဲ့ KIA တိုအကြား နှစ်ဖက်တပ်ဖွဲ့ဝင်တွေ နယ်မြေအငြင်းပွားမှုကြောင့် ပဋိပက္ခဖြစ်ပွားလျက်ရှိနေပါတယ်။
အဆိုပါ မြေပြင် ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတင်းမာမှုတွေ ဆက်လက်မကြီးထွားစေဖို့အတွက် TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်ဟာ မနေ့က ဖေဖော်ဝါရီ ၂၈ ရက်မှာ မန်တုံမြို့ကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်မှ “မဟာမိတ် KIA နဲ့ မိမိတို့ TNLA အကြား ဆက်ဆံရေးတင်းမာမှုအခြေအနေတွေ မကြီးထွားလာစေဖို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမယ်” လို့ အဆိုပါ လူထုတွေ့ဆုံပွဲမှာ တိုက်တွန်းသွားပါတယ်။
ဒါ့အပြင် မဟာမိတ်နှစ်ဖွဲအကြား အပြန်အလှန်အသိအမှတ်ပြုဖို့ နဲ့ မဟာမိတ်တည်တံ့ခိုင်မြဲစေဖို့ နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမယ်အချိန်ဖြစ်ပြီး မဟာမိတ်ကတိကဝတ်ကို ရှေးရှု၍ မဟာမိတ်ကြား မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားလာစေဖို့ နှစ်ဖွဲ့လုံးက သတိထားဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နယ်မြေအငြင်းပွားမှုတွေ၊ ပဋိပက္ခဖြစ်ပွားမှုတွေ၊ ဆက်ဆံရေးတင်းမာမှုတွေကို ညှိနှိင်းဖြေရှင်းရမှာ ဖြစ်တယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က ပြောပါတယ်။