ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ စခန်း နှစ်ခုကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ တယ်ရီဂရမ်ချန်နယ်တွေမှာ ရေးသားကြပါတယ်။
မတ်လ ၆ ရက် မနက် ၆ နာရီခန့်က KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေက ကာကင်းစခန်း နှစ်ခုကို စစ်ကောင်စီတပ် နဲ့ ဝါရာဇွပ် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
မြေပြင်ထိုးစစ်ဆင်မှုအပြင် ဒရုန်းတိုက်ခိုက်မှု၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး KIA ရဲ့ ပွိုင့် -၂၉၈ ကာကင်းကုန်း နဲ့ ပင်မကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့တို့က K-25 သေနတ် ၁ လက်၊ Drop Bomb ၉၆ လုံး၊ ဘီဇူကာ ၆ လုံး၊ လက်ပစ်ဗုံး ၈ လုံး၊ Remote မိုင်း ၈ လုံး၊ ကျည်မျိုးစုံ ၆၈၈ တောင့်၊ ကျည်ကာဦးထုပ် ၉ လုံး၊ ကျည်ကာ ၂ ထည်၊ StarLink တလုံး၊ ကာမီကာဇီ Drone တစီး သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ဗန်းမော်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။