စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဝန်အင်းအုပ်စုအတွင်းရှိ ဟူဖာအင်းမကြီးဘေး ဝဲယာမှာ စိုက်ပျိုးထားတဲ့ တောင်သူတွေရဲ့ စပါးခင်းတွေဟာ ငါးဖမ်းလုပ်ငန်းရှင်မှ ရေစုပ်စက်တွေနဲ့ ရေသွင်းမှုကြောင့် ရေနစ်မြုပ်ကာ ရိတ်သိမ်းဖို့ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ သဝန်အင်းအတွင်း ငါးဖမ်းလုပ်ကိုင်ခွင့်ရရှိထားတဲ့ လုပ်ငန်းရှင် ဦးမျိုးနိုင်မှ ပြန်လည်ရောင်းချထားတဲ့ ဟူဖာကျေးရွာအတွင်းရှိ နောင်ပမင်းအင်း နဲ့ နှောင်နမ့်ရင်းအင်း (အင်းငယ်များ) အတွင်းရှိ ငါးများကို ဖမ်းဆီးဖို့အတွက် ရေစုပ်စက်ကြီးတွေနဲ့ ရေထုတ်ယူကာ ဟူဖာအင်းမကြီးအတွင်းသို့ စုပ်တင်လျက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်ပမင်းအင်းဟာ သဝန်းအင်းရဲ့ အင်းခွဲအင်ငယ်ဖြစ်ပြီး နောင်ပမန်းအင်းကို ဦးမောင်သန်းက ဦးမျိုးနိုင်ထံ ထပ်ဆင့်ဝယ်ထားတယ်လို့ သိရှိရပြီး နောင်နမ့်ရင်းအင်းကိုတော့ ဦးမျိုးနိုင်ထံမှ ဦးငြိမ်းမောင်က ထပ်ဆင့် ဝယ်ယူထားတယ်လို့ သိရပါတယ်။
“နှစ်တိုင်း ဒီအချိန်ဆို ရေခန်းနေကျမို့ ကျနော်တို့ စပါးတွေ အေးအေးဆေးဆေး ရိတ်လို့ရတယ်။ အခုက အင်းငယ်တွေကနေ ရေတွေကို အင်းကြီးထဲ စုပ်ထုတ်လိုက်တော့ ကျနော်တို့ စပါးခင်းတွေ အကုန် ရေမြုပ်ကုန်ပြီ။ ရေကလည်း (၃) ပေလောက် ရှိနေတော့ ဘယ်လိုမှ ရိတ်လို့မရဘူး။ စပါးတွေ ရေထဲမှာတင် ပျက်ကုန်တော့မယ်” လို့ နစ်နာသူ တောင်သူတစ်ဦးက ပြောပါတယ်။
ဟူဖာအင်းမကြီးဟာ နှစ်စဉ် စပါးရိတ်သိမ်းချိန်ဖြစ်တဲ့ မတ်လအတွင်း ရေခန်းခြောက်လေ့ရှိသော်လည်း၊ အခုနှစ်မှာ အင်းငယ်တွေမှ ရေစုပ်ထုတ်လွှတ်မှုကြောင့် အင်းမကြီးအတွင်း ရေမျက်နှာပြင်ဟာ ပုံမှန်ထက် (၂) ပေမှ (၃) ပေခန့်အထိ ရုတ်တရက် မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ရေစုပ်ထုတ်လွှတ်မှုကြောင့် အင်းဘေးဝဲယာရှိ စပါးစိုက်ဧက (၂၀) ကျော်မှ (၃၀) ခန့်အထိ ရေနစ်မြုပ်နေပြီး ရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ စပါးနှံတွေဟာ ရေအောက်သို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စပါးရိတ်သိမ်းဖို့ မဖြစ်နိုင်ခြင်း၊ ရေတွေ အဆမတန် မြင့်တက်နေတဲ့အတွက် စက်ဖြင့် ရိတ်သိမ်းဖို့ မဆိုထားနှင့် လူဖြင့် ရိတ်သိမ်းရန်ပင် အခက်အခဲဖြစ်နေပြီး အချိန်မီ မရိတ်သိမ်းနိုင်ပါက စပါးတွေ အပင်ပေါက်တာ နဲ့ ပုပ်သိုးခြင်းတို့ကြောင့် တောင်သူတွေရဲ့ တစ်နှစ်စာ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမယ့်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ဟုမ္မလင်း သဝန်တိုက်နယ်ဒေသမှာ စိုက်ပျိုးရေးကို အဓိက မှီခိုအားထားကြရပြီး မိသားစု စားဝတ်နေရေးအပြင် အဲဒီဒေသမှ ထွက်ရှိလာတဲ့ စပါးတွေကို ဟုမ္မလင်းမြို့ပေါ်အပါအဝင် ရွှေမျောလုပ်ငန်းတွေမှာ ရောင်းချ၍ မိသားစု အပိုဝင်ငွေရရှိရေး လုပ်ဆောင်ကြရတာပဲ ဖြစ်ပါတယ်။