Home စီးပွားရေး ဟုမ္မလင်းမှာ HPDF က အခြားဒေသသို့ ဆန်၊စပါးရောင်းခွင့် ပိတ်ပင်

ဟုမ္မလင်းမှာ HPDF က အခြားဒေသသို့ ဆန်၊စပါးရောင်းခွင့် ပိတ်ပင်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း NUG ရဲ့ လက်အောက်ခံအဖွဲ့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) တွေက အခြားဒေသသို့ ဆန်စပါး ရောင်းဝယ်ခွင့်ကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဟုမ္မလင်းဒေသအတွင်းက HPDF အဖွဲ့ ထိန်းချုပ်ထားတဲ့ တောင်ကင်းအုပ်စု၊ နောင်ဖာမူအုပ်စု၊ နမ့်ပါတ်ကားအုပ်စု၊ နမ့်နန်းအုပ်စု နဲ့ နမ့်ချောအုပ်စု အားလုံးကို ဟုမ္မလင်းမြို့၊ နောင်ပူအောင်၊ နမ့်တောအပါအဝင် အခြားဒေသကို ပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ထင်း၊ မီးသွေး နဲ့ ဆန်စပါးတို့က သူတို့ စိုးမိုးနယ်မြေကလွှဲပြီး ကျန်တဲ့ဒေသကို ထွက်မရောင်းရဘူးတဲ့၊ ဒီဒေသမှာက ထွက်တဲ့ ဆန်စပါးနဲ့ စားသုံးသူဦးရေနဲ့က မမျှဘူးလေ၊ ရောင်းလို့ကလည်း မကုန်၊ လူတွေက ဝယ်စားရအောင်လည်း ရှိနေတော့ မလို၊ အပြင်ထွက်ရောင်းရအောင်ကလည်း ထွက်မရတော့ ဒုက္ခရောက်နေကြတာ” လို့ ပြောပါတယ်။

အလားတူ ဟုမ္မလင်းမြို့နယ်သို့ ရေကြောင်းလမ်းဖြင့် ကုန်စည်သယ်ယူခွင့်ကိုလည်း ရွှေပြည်အေးမြို့မှာ HPDF တွေက မကြာခဏ ပိတ်ပင်ကန့်သတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

HPDF အဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသမှာ ဒေသခံအများက တောင်သူတွေဖြစ်ကြပြီး ၎င်းတို့ လုပ်ငန်းခွင်မှ ရရှိလာသော ဆန်၊ စပါးအပါအဝင် မီးသွေး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းချိုမှအစ ဟုမ္မလင်းဖက် သယ်ယူခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောသည်။
အဆိုပါ သယ်ယူရောင်းခွင့်ကန့်သတ်ပိတ်ပင်မှုတွေကြောင့် HPDF ထိန်းချုပ်ဒေသက တောင်သူတွေ အခက်အခဲကြုံတွေ့နေကြရသလို ဟုမ္မလင်းဖက်ကလည်း ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

“HPDF စိုးမိုးနယ်မြေက အဓိက ဘာလုပ်သလဲဆိုတော့ မီးသွေးရောင်းတယ်၊ ဆန်စပါးရောင်းတယ်၊ အဲဒါကို HPDF ဖက်က ရောင်းဝယ်ခွင့် အကုန်ပိတ်ထားတာ ဒေသခံတွေ အကုန်လုံး ဒုက္ခရောက်နေကြတယ်။ တောင်ကင်းအုပ်စု ၈ ရွာ၊ ၉ ရွာက လယ်ယာမြေသမားတွေရော မီးသွေးဖုတ်တဲ့သူတွေရော ထင်းခွေရောင်းတဲ့သူတွေရော အကုန်ဒုက္ခရောက်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ဟုမ္မလင်းမြို့နယ်အတွင်းက နားမော်ကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)/HPDF ပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။

related posts

Leave a Comment