မေခ၊ မလိခဆုံရာ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရေးနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ ဒေသခံ ပြည်သူတွေ၊ ရပ်မိရပ်ဖတွေ၊ ဘာသာရေး အသင်းအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှ ရရှိလာမယ့် အကျိုးကျေးဇူးတွေ နဲ့ အာမခံချက်တွေကို ရှင်းလင်းပြောပေးဖို့ ဒေသခံတွေကိုယ်စား ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက တောင်းဆိုခဲ့ပါတယ်။
အဆိုပါ စီမံကိန်းမှာ မူလက မေခ၊ မလိခမြစ်တစ်လျှောက် စီမံကိန်း ၆ ခုအနက် မြစ်ဆုံ ၆၀၀၀ MW အပါအဝင် စုစုပေါင်း ၁၉၀၉၉ MW စီမံကိန်းရေးဆွဲပြီး ချီဖွေငယ်စ၍ မြစ်ဆုံကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။
မြစ်ဆုံ တမံအမြင့် နဲ့ ထုတ်လုပ်မှု ပမာဏ မဂ္ဂါဝပ် နဲ့ ပတ်သက်၍ သက်ဆိုင်ရာ နဲ့ အဆိုပြုနည်းလမ်း ၆ မျိုးနဲ အကြိမ်ကြိမ်ဆွေးနွေးပြီး မေခ၊ မလိခမြစ်ဆုံမှု ရေစီးကြောင်း မပျောက်ပျက်စေဘဲ တရုတ် – မြန်မာ နှစ်နိုင်ငံဖြစ်နိုင်ချေရှိပြီး စီးပွားရေးအရ တွက်ချေကိုက်နိုင်မယ့် အဆိုပြုပုံစံသုံးရပ်ကို ဆန်ကာတင်စိစစ်ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam (CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ငလျင်နဲ့ ပတ်သက်ပြီး စစ်ကိုင်းပြတ်ရွေ့မှ အကွာအဝေး ၃၀ ဒသမ ၉ မီတာ နေရာရှိ ဇောင်းတူဆည်မှာ မြေသားတမံဖြစ်ပြီး ၆ မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ဖြူးမြို့နယ်အနီး ကွန်းရေလှောင်တမံမှာ ကျောက်ဖြည့်တမံအမျိုးမစားဖြစ်ကာ ၇ ဒသမ ၉ မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိတယ်လို့ ပြောပါတယ်။
အခု မြစ်ဆုံတမံတည်ဆောက်မယ့် နေရာမှာ အရင်ဒီဇိုင်း ၇ ဒသမ ၁ မဂ္ဂနီကျူ့နဲ့ တွက်ချက်ထားသော်လည်း မန္တလေးငလျင်ကြီး လှုပ်ခတ်မှု ပမာဏထက် ပိုမိုခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းကို Asia Charter Professional Engineer (ACPE) အဖွဲ့မှ ပညာရှင်တွေနဲ့ အကြံပြုတွက်ချက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေအောက်ကြမ်းပြင်ထိန်းညှိပေးမယ့် လုပ်ငန်းတွေပါ ထည့်သွင်းထားပြီး နှစ်စဉ် မြစ်ကြီးနားမြို့ ရေဝင်ရေကြီးနစ်မြှပ်မှုမှလည်း ကင်းရှင်းစေမှာဖြစ်ကြောင်း၊ ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်အဝအထိ နှစ်စဉ် နွေမိုးဆောင်း ရေပြင်အမြင့် ၁၀ မီတာအမြဲရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ မြစ်ကြီးနားအထိ မြစ်တွင်းသွား သဘော်ကြီး/ သဘော်ငယ်တွေ သယ်ပို့ဆောင်နိုင်မှာလို့ ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နဲ့ ကချင်ပြည်နယ်ကို အကျိုးပြုစေမယ့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမယ့် လျှပ်စစ်ဓာတ်အားတွေ ရရှိရေး နဲ့ ရေးလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မယ့် အခြေအနေရှိတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။


