စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အနောက်ခြမ်းမှာ စက်သုံးဆီ တစ်ပေပါကို သိန်း ၃၀ ကျော်အထိ အဆမတန် ဈေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗန်းမောက်မြို့အနောက်ခြမ်း ရွှေတော်ဆိပ်ကမ်းမှာ စက်သုံးဆီ တစ်ပေပါကို ၂၅ သိန်းကျော်၊ ပရီမီယံ စက်သုံးဆီ တစ်ပေပါကို သိန်း ၃၀ ကျော်၊ ဓာတ်ဆီတစ်ပေပါ သိန်း ၃၀ ကျော်အထိ ဈေးနှုန်းရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စားသောက်ကုန်ကားတွေ နဲ့ စက်သုံးဆီကားတွေဟာ လက်ရှိ မဲတော၊ ပန်းတောဘက်ဘက်က ကျွန်းကုန်းကျေးရွာ နဲ့ ညှောင်ခြေထောက်ကျေးရွာတွေမှာ ပိတ်မိနေတယ်လို့လည်း ပြောပါတယ်။
ဒေသခံတစ်ဦးက “ဆီကားတွေရော၊ ကုန်ကားတွေရော ကျွန်းကုန်းနဲ့ ညောင်ခြေထောက်ဘက်ပိနေတာ အဲမှာက ဆီတစ်ပေပါကို ၁၂ သိန်းပဲ ရှိတာတဲ့။ သူတို့က (KIA/PDF) မြို့အနောက်ခြမ်းဘက်ကို မပို့ခိုင်းဘူး။ ပို့ရင် ဖမ်းပြီး လိုင်ဇာပို့မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကုန်စည်ကူးသန်းခွင့် ပိတ်ပင်ထားတာကြောင့် ရွှေတော်ဆိပ်ကမ်းမှာ ကြက်ဥ ၃ လုံး ၁ သောင်းကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၄ သောင်းကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၇ သောင်းကျပ်၊ ဆားတစ်ပိဿာ ၂ သောင်းကျပ်အထိ ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ အင်းတော်မြို့နယ် ပကဖမှ ပိတ်ထားသလို ဗန်းမောက်မြို့နယ် ပအဖ ကလည်း အင်တာနက်တွေ နဲ့ ကုန်စည်ကူးသန်းခွင့်တွေကို အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
အဲဒီနောက် ဗန်းမောက်မြို့သိမ်းတိုက်ပွဲဟုဆိုကာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF ၊ KaDu Army (ကတူးအာမီ) တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။
ဗန်းမောက်မြို့အနောက်ခြမ်းသို့ စက်သုံးဆီ နဲ့ ကုန်စည်ကူးသန်းခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံ ရှမ်းနီ၊ ကတူး နဲ့ ဗမာတွေအပြင် ရွေ့ပြောင်းအလုပ်သမား အများအပြား အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တကယ်တော့ သူတို့အခုလို လုပ်နေတာက ပြည်သူတွေကို နှိပ်စက်နေတာပဲ။ ဒီမှာက SNA တွေပဲ နေတာ မဟုတ်ဘူးလေ။ ပြည်သူတွေ သောင်းနဲ့ချီပြီး နေကြတာ။ ဟုမ္မလင်းဘက်ကလည်း ဒီဘက်ကိုပဲ အဓိက အမှီပြုနေတာ အခုဟာက သူတို့တွေက အခုလိုလုပ်တော့ ဒီကလူတွေ အောက်ခြေ လူတန်းစားတွေမှအစ ဒုက္ခရောက်ကုန်တာပေါ့။ လက်လုပ်လက်စားတွေ အရမ်းဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့အနောက်ခြမ်းသို့ရောက်ရှိနေတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၆၈၅ အိမ် လူဦးရေ ၄၉၁၆ ဦးရှိနေပြီး ရှမ်းနီအမျိုးသားမျာတပ်မတော် (SNA)၊ သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ၊ ကတူးအရပ်ဖက်အဖွဲ့စည်း၊ ဆီလုပ်ငန်းရှင်တွေ နဲ့ ဒေသခံရှမ်းနီပြည်သူတို့က ကူညီထောက်ပံ့မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
သို့သော်လည်း စစ်ဘေးရှောင်ကာလကြာရှည်လာမှုနဲ့အတူ ကုန်စည်သယ်ယူခွင့်တွေ ပိတ်ပင် ထားတာကြောင့် ဗန်းမောက်မြို့အနောက်ခြမ်းမှ ဒေသခံပြည်သူတွေ နဲ့ စစ်ဘေးရှောင်တွေအတွက် စက်သုံးဆီ၊ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။