ရခိုင်ပြည်နယ် မောင်တောအခြေစိုက် Border News Agency (BNA) သတင်းဌာနမှ အမျိုးသမီး သတင်းထောက် တစ်ဦးကို အာရက္ခတပ်တော် (AA) ရဲ့ ထောက်လှမ်းရေးအဖွဲ့မှ ခေါ်ဆောင်တယ်လို့ BNA က မနေ့က စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၁၁ နာရီကျော်မှာAA ထောက်လှမ်းရေးအဖွဲ့မှ မောင်တောမြို့ရှိ သူမနေအိမ်မှ လာရောက်ခေါ်ဆောင်သွားကြောင်း၊ ခေါ်ဆောင်ခံရတဲ့ အမျိုးသမီးသတင်းထောက်မှာ မုဒြာဖြစ်ပြီး မောင်တောမြို့ရှိ AA ထောက်လှမ်းရေးရုံးမှာ စစ်ဆေးမေးမြန်းနေကြောင်းလည်း BNA က ဆိုပါတယ်။
ပဋိပက္ခပေါင်းစုံကြုံတွေ့နေကြရသည့် အာရက္ခဒေသမှာ ဗဟုဝါဒ၊ စုံလင်ကွဲပြားမှုတွေကို မြှင့်တင်ဖို့အတွက် ငြိမ်းချမ်းရေး နဲ့ လူမှုသဟဇာတဖြစ်မှုအပေါ် အခြေခံပြီး တန်ဖိုးထားကြောင်း Border News Agency က ဆိုပါတယ်။
ဒါ့အပြင် BNA ဟာ အာရက္ခဒေသရှိ ဘာသာပေါင်းစုံ နဲ့ လူနည်းစုတွေရဲ့ အသံတွေကို ဖော်ထုတ်ပြီး ကွာဟချက်ကို ပေါင်းကူးပေးနိုင်တယ်လို့ အခိုင်အမာယုံကြည်ကြောင်းလည်း ပြောပါတယ်။
အမျိုးသမီးသတင်းထောက် မုဒြာ နဲ့ ပတ်သက်ပြီး နားလည်မှုလွှဲမှားနေတာတွေရှိပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာဖြင့် အပြုသဘောဆောင် နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း BNA က ပြောပါတယ်။
ဒါကြောင့် လာရောက်ခေါ်ဆောင် သွားကြသူတွေအနေဖြင့် မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုအပေါ်မှာ လူသားချင်းစာနာမှုအရလည်းကောင်း၊ နိုင်ငံတကာဥပဒေတွေကို အလေးထား၍လည်းကောင်း ပြန်လည်ပို့ဆောင်ပေးကြဖို့ မေတ္တာရပ်ခံအပ်တယ်လို့ Border News Agency က ထုတ်ပြန်တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ဖားကန့်အခြေစိုက် သတင်းသမား ၂ ဦးဖြစ်တဲ့ သတင်းထောက် ကိုတာလင်းမောင် နဲ့ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်တပ်ဖွဲ့ (KIA) က ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် သတင်းသမားတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနက် KIA က အစောဆုံးဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး နောက် လက်ရှိမှာ အာရက္ခတပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။