တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ဝင်မုခ်ဦးရှိ သျှမ်း၊ အင်္ဂလိပ်စာလုံးတွေ ဖယ်ရှားခံရခြင်းကို သျှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ စတင်ပြီး သျှမ်း၊ အင်္ဂလိပ်စာလုံးတွေကို ဖယ်ရှားခဲ့ပြီး သျှမ်းပြည်အလံရှိ ဝါ၊ စိမ်း၊ နီ အရောင်ကိုလည်း တအာင်း(ပလောင်)အလံရှိ ဖြူ၊ စိမ်းအရောင်တွေ ဆေးခြယ်လိုက်တာ ဖြစ်သလို သျှမ်းပြည်မြေပုံပါ ဝါ၊ စိမ်း၊ နီအရောင်ကိုလည်း ဖြူ၊ စိမ်းအရောင်တွေနဲ ပြောင်းလဲ ဆေးခြယ်ခံရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ TNLA ဟာ သီပေါ နဲ့ ကျောက်မဲမြို့နယ်တို့မှာ မြန်မာစစ်ကောင်စီ နည်းတူ လူငယ်တွေ၊ ပြည်သူတွေကို မတရားစစ်မှုထမ်းဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာ ဖုန်းသုံးစွဲနေတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဆက်တိုက်လုပ်ဆောင်လာတယ်လို့ သျှမ်းအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြောက်လန့်နေရပြီး အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ထပ်မံကြုံတွေ့ခံစားနေရတယ်လို့ ဆိုပါတယ်။
အခုလို လုပ်ဆောင်မှုတွေကြောင့် အာဏာရှင်စနစ် နဲ့ နယ်ချဲ့လူမျိုးကြီးတွေ လွှမ်းမိုးလာပြီး မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခတွေကိုလည်း ရေရှည်မှာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
သီပေါမြို့အဝင်မုခ်ဦးကို လူမျိုးစုတစ်စုတည်းကို ကိုယ်စားပြုတဲ့ ပုံသဏ္ဍာန်ပြောင်းလဲမှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ TNLA အနေနဲ့ မူလပုံသဏ္ဍာန်တိုင်းသာထားရှိဖို့ နဲ့ ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ TNLA နဲ့အတူ လက်တွဲနေကြတဲ့ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သျှမ်းလူမျိုးစု နိုင်ငံရေးပါတီတွေ၊ သျှမ်းတပ်မတော်တွေအနေနဲ့ ဒေသခံပြည်သူ့အကျိုး မျက်နှာမူပြီ ဝိုင်းဝန်း ညှိနှိုင်းဖြေရှင်းပေးဖို့ ပန်ကြားထားပါတယ်။
