စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိတဲ့ မောင်းခမ်းစံပြကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် “ခမ်းရွှေစင်စာကြည့်တိုက်” အဆောက်အအုံ ပျက်စီးသွားသလို၊ ရွာထဲက ဒေသခံတွေရဲ့ နေအိမ်အချို့လည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လေပြင်းတိုက်တဲ့အချိန်မှာ မိုးသည်းသည်းထန်ထန် ရွာတာတင်မကဘဲ မိုးသီးတွေပါ ကြွေကျခဲ့တာကြောင့် ခမ်းရွှေစင်စာကြည့်တိုက်ရဲ့ အမိုးသွပ်တွေ လွင့်စင်သွားပြီး အနောက်ဘက်အခြမ်းတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့တာပါ။
ဒါ့အပြင် ရွာထဲက ဝါးထရံကာ၊ သက်ကယ်မိုးနဲ့ သွပ်မိုးနေအိမ်အချို့မှာလည်း လေပြင်းဒဏ်ကြောင့် အမိုးတွေ လန်ထွက်တာ၊ ထရံတွေ ပျက်စီးတာနဲ့ အိမ်အဆောက်အအုံတွေပါ ပြိုကျတာမျိုးတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံမှတ်တမ်းတွေအရ နေအိမ်အချို့ရဲ့ အမိုးသွပ်တွေ မြေပြင်ပေါ် ပြိုကျနေတာကို တွေ့ရပြီး၊ အခုအချိန်ထိတော့ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ စာကြည့်တိုက်အတွက် အသေးစိတ် ဆုံးရှုံးမှုစာရင်းကို အတည်မပြုနိုင်သေးပါဘူး။ လောလောဆယ်မှာတော့ ဒေသခံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ဖယ်ရှားရှင်းလင်းတာတွေ လုပ်နေကြရတယ်လို့ ဆိုပါတယ်။
ဒီလို သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ နေထိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ နဲ့ စာအုပ်စာပေတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ‘ခမ်းရွှေစင်စာကြည့်တိုက်’ ကို ပြန်လည်ပြုပြင်နိုင်ဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။











