ထိုင်းနိုင်ငံ၊ သမိုင်းဝင်မြို့တော် အယုဒ္ဓယမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လူ ၁၄ ဦးအထိသေဆုံးကာ အိမ်ထောင်စုခြောက်သောင်းနီးပါးအထိ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
အယုဒ္ဓခရိုင် ကျောက်ဖရားဆည်ကနေ ရေယိုစိမ့်မှုမြင့်တက်လာတာကြောင့် အယုဒ္ဓယပြည်နယ်တစ်ဝှမ်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး လူနေအရပ်တွေအထိ ရေမြုပ်နေတယ်လို့ Khaosod English မှာ ဖော်ပြပါတယ်။
ထိုင်းတော်ဝင်ဆည်မြောင်းဌာနကတော့ ဆည်ရေပြည့်လာနေတာကြောင့် ရေထုတ်လွှတ်မှုနှုန်းကို တစ်စက္ကန့်ကို ၂,၈၀၀ ကုဗစင်တီမီတာအထိ ဆည်ရေ လျှော့ချနေတယ်လို့ သတင်းက ဆိုပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ အထူးသဖြင့် မြို့ဟောင်းကျုံးအနီးတစ်လျှောက်မှာ ရေကြီးနေပြီး ရေဆက်လက်မြင့်တက်လာတာနဲ့အမျှ အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။
အဆိုပါ ရေးကြီးရေလျှံမှုကြောင့် ခရိုင် ၁၁ ခု၊ ခရိုင်ခွဲ ၁၄၃ ခု နဲ့ ရွာ ၉၄၅ ရွာရှိ အိမ်ထောင်စု ၅၈,၄၇၇ စုဟာ ထိခိုက်ခံခဲ့ရပြီး လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

