ချောင်းကြီးချောင်းရေဟာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ကုန်သွယ်မှုကို ဇူလိုင် ၇ ရက်နေ့က စတင်၍ ပိတ်ထားရာမှ လက်ရှိမှာ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ က ထုတ်ပြန်ကြေညာပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် နဲ့ ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ချောင်ကြီးချောင်းဟာ ဇူလိုင် ၆ ရက်နေ့ ညပိုင်းမှ စတင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တာပါ။
ရေကြီးရေလျှံမှုကြောင့် ပြည်သူလူထုတို့ရဲ့ ကုန်စည်တွေ ကူးသန်းရောင်းဝယ်မှု၊ အသက်အိုးအိမ်စည်းစိမ်နဲ့ အန္တရာယ်ကို စိုးရိမ်သောအားဖြင့် ဆီနဲကုန်စည် ရောင်းဝယ်မှုကို ယာယီဆိုင်းငံ့ခဲ့ပါတယ်။
ဇူလိုင် ၇ ရက်နေ့မှာတော့ ပျက်စီးသွားတဲ့ လမ်းတံတားတွေဖြစ်တဲ့ ချောင်းဆုံတံတား (ပြုပြင်ဆဲ)၊ နောင်ယော (နောင်စိန်) တံတား၊ အရှေ့ကုန်း (ချောင်းကြီးနဲ့နန့်မားဆုံရာ) တံတားနဲ့ ဆိပ်ကမ်းပြန်လည်ပြုပြင်နေရာချထားရေးတွေကို SNA နဲ့ ပြည်သူလူထုတို့ ပူးပေါင်းပြီး ပြန်လည်ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း ဆိုပါတယ်။
ဒါကြောင့် ဇူလိုင် ၁၁ ရက်နေ့မှစတင်၍ ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ရှိ ပြည်သူတွေရဲ့ စက်သုံးဆီနဲ့ စားသုံးကုန်တွေ သက်သာချောင်ချိရေးအတွက် ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့ လမ်းတံတားတွေနဲ့ ရေလမ်းကြောင်းတွေကို ဖွင့်လှစ်ပြီဖြစ်တယ်လို့ SNA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


