အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၈၂ ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ၄၅ မိနစ်အတွင်းမှာပဲ ဂွာဒါလူပီမြစ်ရေဟာ ၂၆ ပေ (ရှစ်မီတာ) အထိ မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရေကြီးမှုကြောင့် ပျောက်ဆုံးနေသူများကို ရှာဖွေဖို့ အာဏာပိုင်တွေက အချိန်နဲ့တပြေးညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က ကတိပြုခဲ့ပြီး လာမယ့် (ဇူလိုင် ၈ ရက်) အင်္ဂါနေ့အထိ မိုးသည်းထန်စွာရွာသွန်းခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့အသက်အန္တရာယ်ကို ပိုမိုခြိမ်းခြောက်လာနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။
Kerr ကောင်တီမှာတော့ ရဲမှူး Larry Leitha က ဦးဆောင်ရှာဖွေခဲ့တဲ့ ကလေးငယ် ၂၈ ဦး အပါအဝင် စုစုပေါင်း ၆၈ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အများစုမှာ ခရစ်ယာန် နွေရာသီစခန်း Camp Mystic မှ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။
သမ္မတ Donald Trump က သေဆုံးသူတွေဆီ ဝမ်းနည်းကြောင်း ပေးပို့ခဲ့ပြီး သောကြာနေ့မှာ အဲဒီနေရာကို သွားရောက်ဖို့ရှိတယ်လို့ ပြောပါတယ်။
“ဒါဟာ အလွန်ကြောက်စရာကောင်းတဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ ဒါကြောင့် ဒီကပ်ဘေးကနေ ဖြတ်သန်းခဲ့ရတဲ့ လူတွေအားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ၊ ဘုရားသခင် ကောင်းချီးပေးပါစေ… တက္ကဆက်ပြည်နယ်ကို ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ နယူးဂျာစီပြည်နယ်ကို ထွက်ခွာလာစဉ် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူး Greg Abbott ကတော့ ရေပြန်ကျသွားချိန်မှာ နေရာသစ်တွေကို လိုက်လံရှာဖွေနေကြောင်း ပြောကြားခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၆ရက်) တနင်္ဂနွေနေ့ကို နိုင်ငံတော်အတွက် ဆုတောင်းပွဲနေ့အဖြစ် မနေ့က ကြေညာခဲ့ပါတယ်။
အဆိုပါ ရေကြီးမှုကြောင့် တက္ကပြည်နယ်ရှိ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးလုပ်ငန်းကို ဇူလိုင် ၄ ရက်ထဲကစတင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လူအင်အား ၅၀၀ နဲ့ ရဟတ်ယာဉ် ၁၄ စင်းပါဝင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ တက္ကဆက်ပြည်နယ်၊ Kerr ကောင်တီမှာ မနေ့ကအထိ လူပေါင်း ၂၃၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေမှုတွေ ဒီကနေ့အချိန်အထိ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။