Home နိုင်ငံတကာ နိုင်ငံတကာသတင်းထောက်တွေကို စစ်ကောင်စီက ဗီဇာထုတ်ပေးဖို့ IPCM တောင်းဆို

နိုင်ငံတကာသတင်းထောက်တွေကို စစ်ကောင်စီက ဗီဇာထုတ်ပေးဖို့ IPCM တောင်းဆို

by Homeland Author

နိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် သက်ရောက်မှုတွေကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်းထောက်တွေကိုလည်း စစ်ကောင်စီက ဗီဇာ အလွယ်တကူ ထုတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ (IPCM) က တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းရှိ သတင်းမီဒီယာအချို့ကို ပေးပို့တဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အသံဖိုင်အရ နိုင်ငံတကာသတင်းထောက်တွေကို ပေးမဝင်လိုကြောင်း အဆိုပါ ကိစ္စရပ်ကို IPCM က ရှုတ်ချကန့်ကွက်ပြီး အများပြည်သူ နဲ့ နိုင်ငံတကာပြည်သူတွေ ကူညီပံ့ပိုးနိုင်တဲ့ အဖွဲ့အစည်းတွေ သိရှိဖို့ သတင်းရယူ တင်ဆက်ဖော်ပြခွင့် ရရှိဖို့ တိုက်တွန်းထားပါတယ်။

ငလျင်ဒဏ်ခံအခြေအနေတွေကို အရေးပေါ်ကယ်ဆယ်ရေးကာလမှသည် ပြည်လည်ထူထောင်ရေး ကာလအထိ ရင်ဆိုင်ဖြေရှင်းရာမှာ ပြည်တွင်းပြည်ပမှ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေ သာမက သတင်းမီဒီယာတွေ မြေပြင်ကွင်းဆင်း၍ လုံခြုံလွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ပေးဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ငလျင်ဒဏ်ခံပြည်သူတွေနဲ့ ကူညီကယ်ဆယ်သူတွေကို သိရှိဖို့လိုပြီး အကူအညီတွေ လိုအပ်သူတွေထံ ရောက်မရောက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိမရှိ သတင်းမီဒီယာက ကူညီပံ့ပိုးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်တာနက်ကို ကန့်သတ်ပိတ်ဆို့ထားခြင်းကိုလည်း စစ်ကောင်စီက ပြန်ဖွင့်ပေးရမှာဖြစ်ပြီး ကပ်ဘေးကာလအတွင်း စစ်ကောင်စီရဲ့ အင်တာနက်ဆက်လက်ပိတ်ဆို့ထားမှုဟာ အကြပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နှစ်ပေါင်းများစွာ အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်နေပြီး အရေးပေါ်အခြေအနေတွေနဲ့ ကြုံတွေ့စဉ်ကာလတွေမှာ အင်တာနက် ပြန်လည်ဖွင့်ပေးဖို့ လျစ်လျူရှု ငြင်းဆန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတကာ အကူအညီတွေထဲမှာ အမေရိကန်မှ Starlink ဆက်သွယ်ရေးစနစ်တွေလည်း ပါဝင်ရာ အများပြည်သူအကျိုးစီးပွားကို မျှော်ကိုးလျက် စစ်ကောင်စီ အနေနဲ့ အလျင်အမြန် လက်ခံအသုံးပြုသင့်တယ်လို့ ဆိုပါတယ်။

ထို့အတူ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ရခိုင်ပြည်နယ်သို့ သတင်းသွားယူစဉ် Myanmar Now ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ စစ်တွေမြို့မှာ ဖမ်းဆီးခံခဲ့ရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ ဆူပူလှုံ့ဆောင်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ တို့နဲ့ စစ်ခုံရုံးတင်ကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုစိုင်းဇော်သိုက် နဲ့ ဖမ်းဆီးခံ သတင်းမီဒီယာသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီမှ တောင်းဆိုထားပါတယ်။

related posts

Leave a Comment