သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ကျေးလက်ဒေသ နဲ့ မြို့နယ်အတွင်းရှိ ဒေသခံ လူထုတို့နဲ့ လက်တွဲပူးပေါင်းပြီး ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက် သွားမယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၄၊ ၂၅ ရက်က RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ကျင်းပခဲ့ပြီး အကြံပေးပုဂ္ဂိုလ်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) တွေ၊ ဗဟိုဦးစီးကော်မတီဝင် (CLC) တွေ၊ ဗဟိုကော်မတီဝင် (CC) တွေ၊ ဒေသန္တရအုပ်ချုပ်ရေး ကော်မတီဝင်တွေ နဲ့ တာဝန်ရှိပုဂ္ဂိုလ် စုစုပေါင်း ၃၁၈ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အစည်းအဝေးမှာ လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး အခြေအနေတွေနဲ့ အခြားလုပ်ငန်း အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်တပ် အာဏာသိမ်း ၄ နှစ်တာ ကာလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူလူထုတို့ အတိဒုက္ခရောက်ရတာ၊ သဘာဝဘေးကြောင်း ပြည်သူလူထုတို့ အခက်အခဲတွေ ကြုံတွေ့ရတာတို့ အတွက် RCSS မှ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးခဲ့တယ်လို့ ပြောပါတယ်။
သျှမ်းပြည် နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် RCSS အနေနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ကြိုးပမ်း ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်နိုင်ရေး အတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို လေးနက်စွာ တိုက်တွန်းတယ်လို့ RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။