စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကောယားစံပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဒေသခံပြည်သူတွေက ကိုယ်ထူကိုယ်ထတံတားကို မတ်လ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းနီအမျိုးသားတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁) မှ မတည်ပံ့ပိုးပေးခဲ့ပြီး တံတားတည်ဆောက်ရေးအတွက် လိုအပ်သော ပျဉ်၊ တိုင် နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေကို ကောယားအုပ်စုအတွင်းရှိ တုံလုံရွာ၊ စံကပ်ရွာ၊ ခေါ်ကြူဝရွာ၊ မကျည်းကုန်းရွာ နဲ့ တုန်မာဟဲရွာ တို့မှ ရွာသူရွာသားတွေက တက်ကြွစွာ ရှာဖွေစုဆောင်း၍ ကိုယ်တိုင်ကိုယ်ကျ ဝိုင်းဝန်းဆောက်လုပ်ပေးခဲ့ကြတာလို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဒီတံတားကြီးက ကျနော်တို့ ဒေသခံတွေရဲ့ စည်းလုံးမှုကို ပြသတဲ့ အောင်မြင်မှုတစ်ခုပါ။ ပါဝင်ကူညီကြတဲ့ SNA တပ်ရင်း-၂ နဲ့ ကျေးရွာသူကျေးရွာသား အားလုံးကို ကျေးဇူးတင်ရှိပါတယ်” လို့ ပြောပါတယ်။
အခုလို ကိုယ်ထူကိုယ်ထစနစ်ဖြင့် တံတားကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ကောယားစံပြကျေးရွာ နဲ့ အနီးနားရှိ ကျေးရွာတွေအကြား သွားလာရေး ပိုမိုလွယ်ကူချောမွေ့လာပြီး၊ ကုန်စည်စီးဆင်းမှုနဲ့ လူမှုရေး၊ ကျန်းမာရေး ကိစ္စရပ်တွေမှာ များစွာ အဆင်ပြေချောမွေ့လာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ သက်ဆိုင်ရာအာဏာပိုင်တွေ လက်လှမ်းမမှီတဲ့ဒေသတွေမှာ ဒေသခံတွေဟာ စာသင်ကျောင်း၊ လမ်းတံတား စတာတွေကို ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်နေကြတယ်လို့ သိရပါတယ်။





