Home လမ်းပန်းဆက်သွယ်ရေး ဟုမ္မလင်း လေကြောင်းခရီးစဉ် လက်မှတ်ဈေးနှုန်းမြင့်ပြီး အဂတိလိုက်စားမှုတွေကြောင့် အရေးပေါ်ကိစ္စတွေ အခက်တွေ့

ဟုမ္မလင်း လေကြောင်းခရီးစဉ် လက်မှတ်ဈေးနှုန်းမြင့်ပြီး အဂတိလိုက်စားမှုတွေကြောင့် အရေးပေါ်ကိစ္စတွေ အခက်တွေ့

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းဒေသဟာ ကုန်းကြောင်းနဲ့ ရေကြောင်းသွားလာရေး ခက်ခဲနေမှုကြောင့် လေကြောင်းခရီးစဉ်တစ်ခုတည်းကိုသာ အဓိက အားထားနေရကြောင်း သိရပါတယ်။

သို့သော်လည်း လေယာဉ်လက်မှတ် အရောင်းအဝယ်ပြုလုပ်ရာမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုတွေကြောင့် ဒေသခံပြည်သူတွေ အကျပ်အတည်းဖြစ်ပေါ်နေတယ်လို့ သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းမှ ဦးစီးကျင်းပမည့် ရှင်လောင်း (၃၃) ပါး ရှင်ပြုအလှူတော်အတွက် လိုအပ်တဲ့ အဝတ်အထည်တွေ၊ စလွယ်တွေ နဲ့ ဆရာတော်ကြီးတွေကို ကပ်လှူဖို့ သစ်သီးဝလံတွေကို မန္တလေးမြို့မှ ဟုမ္မလင်းမြို့သို့ ပို့ဆောင်ဖို့ စီစဉ်ခဲ့သော်လည်း လေယာဉ်လက်မှတ် ပြဿနာကြောင့် အခက်အခဲကြီးစွာ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်ရဲ့ အဆိုအရ ဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိဟာ အဆိုပါပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့အတွက် လေယာဉ်လက်မှတ် တစ်စောင်ကို ၉၈၀,၀၀၀ ကျပ် နှုန်းဖြင့် ကြိုတင်ငွေသွင်း ဝယ်ယူခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်မှာ လေယာဉ်ခရီးစဉ် ပျက်ပြယ်ခြင်း (Cancel) ဖြစ်သွားကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ခရီးစဉ်မှာ ပျက်ယွင်းခြင်းမရှိဘဲ ပုံမှန်အတိုင်း ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လက်မှတ်ရောင်းချမှုအပိုင်းမှာ မရိုးမသား ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဈေးပိုပေးနိုင်သူကိုသာ ဦးစားပေးတဲ့ အဂတိလုပ်ရပ်တွေဖြစ်ပွားနေပြီး အဆိုပါ ကိုယ်ရေးအရာရှိမှ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လက်မှတ် ရရှိဖို့ ထပ်မံကြိုးပမ်းခဲ့သော်လည်း လေယာဉ်ခကို တစ်ဦးကို ၁,၀၅၀,၀၀၀ ကျပ် ပေးမှသာ လက်မှတ်ရရှိမယ်လို့ ပြန်လည်တောင်းဆိုမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

လေကြောင်းလိုင်း တာဝန်ရှိသူတွေ နဲ့ ကိုယ်စားလှယ်အချို့ဟာ လေယာဉ်လက်မှတ်တွေကို သတ်မှတ်ဈေးထက် ပိုမိုပေးနိုင်သူတွေကိုသာ ဦးစားပေး ရောင်းချနေတာကြောင့် ကျန်းမာရေးကိစ္စ၊ အရေးတကြီး သွားလာဖို့ လိုအပ်သူတွေနဲ့ ဘာသာရေး၊ လူမှုရေးကိစ္စ ဆောင်ရွက်သူတွေအတွက် များစွာ နစ်နာဆုံးရှုံးနေရတယ်လို့ ပြောပါတယ်။

မန္တလေးသို့ ကျန်းမာရေးကိစ္စဖြင့် ရောက်ရှိနေတဲ့ ဟုမ္မလင်း ဒေသခံတစ်ဦးကလည်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေဟာ လက်မှတ်ဈေးနှုန်းကို ပေါက်ဈေးထက် ပိုမိုရောင်းချနေကြောင်း ပြောပါတယ်။

“မန္တလေးကို ကျန်းမာရေးကိစ္စနဲ့ ဆင်းခဲ့တာ လေယာဉ်အပြန်လက်မှတ်လည်း ကြိုဝယ်ထားတယ်၊ ပြန်မယ်လုပ်တော့ မရတော့ဘူးတဲ့၊ အဲဒါနဲ့ မန်းလေးမှာ တစ်လ နေလိုက်ရတယ်၊ သူတို့သဘောနဲ့ လုပ်နေကြတာ၊ တကယ်တော့ ပေါက်ဈေးလည်း အဲလောက်မရှိဘူး။ အမြန်ပြန်ချင်ရင် ၁၀ သိန်းဆိုလို့လည်း ပေးထားပြီးပြီ။ အဲဒါကို မရပြန်ဘူး”လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေအနေဖြင့် လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ် (Agent) တွေကို စနစ်တကျ စောင့်ကြည့်စစ်ဆေးပြီး လက်မှတ်တွေကို အပြင်ဈေးဖြင့် ကစားနေမှုကို တားဆီးပေးဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ တောင်းဆိုနေကြပါတယ်။
အလားတူ လေယာဉ်လက်မှတ် ဈေးနှုန်းတွေ နဲ့ ခရီးစဉ် အခြေအနေတွေကို အများပြည်သူ သိရှိအောင် တရားဝင် ထုတ်ပြန်ပေးဖို့ နဲ့ တဆင့်ခံ ရောင်းချသူတွေကို အရေးယူပေးဖို့ လေယာဉ်လက်မှတ်တွေကို ကြိုတင်ဝယ်ယူကာ ဈေးတင်ရောင်းချနေတဲ့ တဆင့်ခံ ပွဲစားစနစ်ကို အမြစ်ပြတ်အောင် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့သို့ ရောက်ရှိလာပြီးနောက် ဒေသတွင်းနေပြည်သူတွေဟာ ဟုမ္မလင်းဒေသဟာ ကုန်းကြောင်း၊ ရေကြောင်းတွေ သွားလာရခက်ခဲနေပြီး ကုန်စည်စီးဆင်းမှု အခက်အခဲတွေဖြစ်ပေါ်နေကြောင်း၊ လေကြောင်းလိုင်းတစ်ခုတည်းကိုသာ အားကိုးနေရကြောင်း ပြောဆိုတင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း ဟုမ္မလင်း – မန္တလေး လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေသလို လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ် (Agent)တွေရဲ့ အဂတိလိုက်စားမှုတွေကြောင့် ဒေသခံပြည်သူလူထုတို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment