စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ စက်သုံးဆီကား နဲ့ စားသောက်ကုန်ကားတွေ အများအပြားကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ၎င်းလက်အောက်ခံအဖွဲ့ (PDF) တွေက ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ အင်းတော်မြို့နယ် ပကဖမှ ပိတ်ထားသလို ဗန်းမောက်မြို့နယ် ပအဖ ကလည်း အင်တာနက်တွေ နဲ့ ကုန်စည်ကူးသန်းခွင့်တွေကို အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းရှိ မဲတော၊ ပန်းတောဘက်က ကျွန်းကုန်းကျေးရွာ နဲ့ ညှောင်ခြေထောက် ကျေးရွာတွေမှာ စားသောက်ကုန်ကားတွေ နဲ့ စက်သုံးဆီကားတွေဟာ ပိတ်မိနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“PDF တွေက သူတို့နဲ့ အဆင်ပြေတဲ့ ဆီကားတွေကိုပဲ လွတ်ပေးနေတာ၊ ဗန်းမောက်အစပ်မှာ ဆီကားတွေရော ကုန်ကားတွေရော အများကြီး ပိတ်ထားတယ်၊ တချို့ကုန်တွေဆို ပျက်စီးကုန်ပြီ၊ အခုက ဆီကားတချို့တော့ ဝင်တယ်” လို့ ပြောပါတယ်။
PDF တွေက ကုန်စည်ကူးသန်းခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံတွေဟာ စားသောက်ကုန်တွေကို ဈေးကြီးပေး ဝယ်နေရသလို ကုန်စည်ရှားပါးမှုတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့အနောက်ခြမ်း ရွှေတော်ဆိပ်ကမ်းမှာ စက်သုံးဆီ တစ်ပေပါကို ၂၅ သိန်းကျော်၊ ပရီမီယံ စက်သုံးဆီ တစ်ပေပါကို သိန်း ၃၀ ကျော်၊ ဓာတ်ဆီတစ်ပေပါ သိန်း ၃၀ ကျော်အထိ ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “PDF တွေလည်း သူတို့နဲ့ အဆင်ပြေတဲ့ ဆီကားပဲ လွတ်ပေးတော့ ဒီဖက် SNA တပ်မဟာ ၆၁၄ ဖက်ကလည်း လမ်းကြောင်းတွေ ပိတ်မယ်ဆိုပြီး သတင်းတွေလည်း ကြားရတယ်၊ အဲလိုသာ ဟိုဖက်ကလည်း ပိတ်၊ ဒီဖက်ကလည်း ပိတ်ဆိုရင် ကျနော်တို့ ဒေသခံတွေက ကြားထဲမှာ ပိုဒုက္ခရောက်ပြန်တော့မှာ” လို့ ပြောပါတယ်။
ဗန်းမောက်မြို့အနောက်ခြမ်းသို့ စက်သုံးဆီ နဲ့ ကုန်စည်ကူးသန်းခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံ ရှမ်းနီ၊ ကတူး နဲ့ ဗမာတွေအပြင် ရွေ့ပြောင်းအလုပ်သမား အများအပြား အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေသလို ကုန်စည်ရှားပါးမှုပါ ကြုံတွေ့နေရတာကြောင့် ရွှေမျောလုပ်ငန်းတွေလည်း အလုပ်မဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဆီက မရှိတော့ လုပ်ငန်းက မလည်ပတ်ဘူး။ အလုပ်သမားတွေကို ဒီအတိုင်း တင်ကျွေးထားရတော့ ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ ဆီကားလည်း ဝင်လိုက် မဝင်လိုက်ဘဲ၊ စားသောက်ကုန်ကားတော့ ဝင်ကို မဝင်တာ” လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့အနောက်ခြမ်းသို့ ရောက်ရှိနေတဲ့ ကတူး၊ ရှမ်းနီ နဲ့ ဗမာစစ်ဘေးရှောင်တွေ အနေနဲ့ အိမ်ထောင်စုပေါင်း ၇၃၂ စု၊ လူဦးရေ ၃၀၀၀ နီးပါးရှိနေပြီး အဆိုပါ တိုက်ပွဲရှောင်တွေကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ၊ ကတူးအရပ်ဖက် အဖွဲ့အစည်း၊ ချင်းတွင်းဧရာအင်စတီကျူ အရပ်ဖက်အဖွဲ့အစည်း၊ ဆီလုပ်ငန်းရှင်တွေ နဲ့ ဒေသခံရှမ်းနီ ပြည်သူတို့က ကူညီထောက်ပံ့မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
သို့သော်လည်း စစ်ဘေးရှောင်ကာလကြာရှည်လာမှုနဲ့အတူ ကုန်စည်သယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် ဗန်းမောက်မြို့အနောက်ခြမ်းမှ ဒေသခံပြည်သူတွေ နဲ့ စစ်ဘေးရှောင်တွေအတွက် စက်သုံးဆီ၊ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။