Home စစ်ရေး ရှမ်း၊ ကချင်၊ “ဝ”၊ လားဟူ လူငယ်တွေပါတဲ့ စစ်သင်တန်းဆင်းပွဲ UWSA ပြုလုပ်

ရှမ်း၊ ကချင်၊ “ဝ”၊ လားဟူ လူငယ်တွေပါတဲ့ စစ်သင်တန်းဆင်းပွဲ UWSA ပြုလုပ်

by Homeland Author

“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ရှမ်း၊ ကချင်၊ “ဝ”၊ လားဟူ လူငယ်တွေပါတဲ့ စစ်သင်တန်းဆင်းပွဲ တစ်ခုကို ဟိုပန်မြို့နယ် အာဟန်းကျေးရွာမှာ မတ်လ ၉ ရက်နေ့က ကျင်းပခဲ့တယ်လို့ Wa News Land က ဖော်ပြပါတယ်။

အဆိုပါ စစ်သင်တန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA-TNLA-MNDAA တို့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း UWSA တပ်ဖွဲ့က ဝင်ရောက် စခန်းထိုင်ခဲ့တဲ့ အောက်သံလွင်ခြမ်းက လူငယ်တွေကို ၈ လကျော်ကြာ စစ်သင်တန်းပေးခဲ့တာလို့ ဆိုပါတယ်။

၎င်း စစ်သင်တန်းဆင်းပွဲကို ဟိုပန်ခရိုင်အောက်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းလူငယ်တွေဟာ ကာမိုင်း၊ မိုင်းယော်၊ မိုင်းယန်း၊ မိုင်းကျက်၊ ပန်လျော်၊ မိုင်းလု၊ နမ့်ပေါင်၊ နမ္မ၊ တန့်ယန်း စတဲ့ ဒေသဖက်က လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း UWSA က ကွမ်းလုံ၊ ကာမိုင်းတခွင်က ပန်ခမ်း၊ သိန်းတန်၊ မိုင်းကျက်၊ မိုင်းယော်၊ ပန်လျော်တကြော၊ နမ့်ပေါင်၊ နမ္မ၊ တန့်ယန်းထိ စခန်းထိုင်ခဲ့တာဟာ “ဝ” အမျိုးသားရေး လုံခြုံမှုကို ကာကွယ်တဲ့အနေနဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

UWSA တပ်မဟာ ၃၁၈ က ပေးအပ်တဲ့ ဆောင်းတွင်းစစ်သင်တန်းဆင်း တပ်သားဦးရေကိုတော့ အတိအကျ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်ကလည်း UWSA ရဲ့ ၁၇၁ စစ်ဒေသမှ တပ်သား ၂ ထောင်ကျော် ပါဝင်တဲ့ ပထမသုတ် စစ်မှုထမ်း သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့တယ်လို့ ဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တို့ သိမ်းပိုက်ခဲ့တဲ့ ဟိုပန်မြို့ နဲ့ ပန်လုံမြို့ကို UWSA ရဲ့ အုပ်ချုပ်မှုအောက်မှာ ထည့်သွင်းခဲ့ပါတယ်။

ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း နဲ့ ပန်ဆန်းမြို့နယ်များကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ပေးထားပါတယ်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဟာ မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေအနက် စစ်လက်နက်နဲ့ လူအင်အားအတောင်းတင်းဆုံး တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ရှမ်း၊ ကချင်၊ “ဝ”၊ လားဟူ လူငယ်တွေပါတဲ့ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို တွေ့ရစဉ် (ဓါတ်ပုံ – WSTV)

related posts

Leave a Comment