Home စစ်ရေး ရှမ်းနီအမျိုးသားများ တပ်မတော် SNA က တပ်မဟာတစ်ခု တိုးချဲ့ဖွဲ့စည်း

ရှမ်းနီအမျိုးသားများ တပ်မတော် SNA က တပ်မဟာတစ်ခု တိုးချဲ့ဖွဲ့စည်း

by Homeland Author

ရှမ်းနီအမျိုးသားများတပ်မတော် – SNA က မိုးညှင်း၊ မိုးကောင်း အခြေစိုက် တပ်မဟာ တစ်ခုကို တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် – SNA တပ်မဟာ ၅၆၅ ကို ဖွဲ့စည်းခဲ့သလို အမှတ်စဉ် ၃ အခြေခံ စစ်သင်တန်းဆင်းပွဲကိုလည်း မနေ့က ဇန်နဝါရီ ၈ ရက်မှာ အဆိုပါ တပ်မဟာဌာနချုပ်အတွင်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိုးညှင်း၊ မိုးကောင်း အခြေစိုက် တပ်မဟာ တစ်ခုကို တိုးချဲ့ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး SNA မှ တာဝန်ရှိပုဂ္ဂိုလ်တွေထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေသော်လည်း အဆက်အသွယ် မရှိရှိသေးပေ။

SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ တပ်မဟာတွေအနေနဲ့ တပ်မဟာ ၉၇၂၊ တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃၊ တပ်မဟာ ၆၁၄ အပါအဝင် အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်မဟာ ၅၆၅ တို့ ဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ ရှမ်းနီပြည်နယ် ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွင်းရှိ ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ရှမ်းမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်ရေး စတဲ့ မူ (၅) ချက်ကို ချမှတ်အကောင်အထည်‌ဖော်လျက်ရှိပါတယ်။

SNA ကို ကချင် နဲ့ စစ်တိုင်းအတွင်းရှိ တိုင်းဆာ၊ တိုင်းလုံ၊ တိုင်းနေ၊ တိုင်းမောဝ်၊ တိုင်းကဒူး၊ တိုင်းကနန်း၊ တိုင်းခွမ်၊ တိုင်းခမ်းတီး၊ တိုင်းနိုင်း- တိုင်းလိုင်- တိုင်းလျဲန် ခေါ် ရှမ်းနီ စတဲ့ ရှမ်းမျိုးနွယ်စုတွေကို ကိုယ်စားပြု ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

SNA ဟာ ကချင်ပြည်နယ်အတွင်း ပါဝင်နေတဲ့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ တမူး၊ ကလေး၊ ကသာ၊ ဝန်းသို စတဲ့ မြို့နယ်တွေကို စုစည်းပြီး ရှမ်းနီပြည်နယ်ရရှိရေး လှုပ်ရှားလျက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရှမ်းနီအမျိုးသားများတပ်မတော် – SNA ကို တပ်မဟာ ၅ ခု နဲ့ ဗဟိုဌာနချုပ်တစ်ခု စသဖြင့် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment