Home နိုင်ငံရေး ရှမ်းနီအမျိုးသားနေ့ကို SNA ဌာနချုပ်နဲ့ တပ်မဟာ ၆၁၄ တို့မှာ ကျင်းပသွားမယ်

ရှမ်းနီအမျိုးသားနေ့ကို SNA ဌာနချုပ်နဲ့ တပ်မဟာ ၆၁၄ တို့မှာ ကျင်းပသွားမယ်

by Homeland Author

လာမယ့် မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ရဲ့ ဗဟို ဌာနချုပ် နဲ့ တပ်မဟာ ၆၁၄ တို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
SNA ရဲ့ ဗဟိုဌာနချုပ် မိန်းဆိုင်တိုင်းနိုင်း နဲ့ တပ်မဟာ ၆၁၄ နယ်မြေ ဗန်းမောက်မြို့နယ်တို့မှာ ၄၉၈ နှစ်မြောက်အဖြစ် ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

ရှမ်းနီလူငယ်တစ်ဦးက “ဒီနှစ် ရှမ်းနီအမျိုးသားနေ့ကို SNA ဌာနချုပ်နဲ့ တပ်မဟာ ၆၁၄ မှာ ကျင်းပသွားမယ်လို့ ကြားတယ်။ ၆၁၄ မှာ ရှမ်းနီအမျိုးသားနေ့အတွက် ကွင်းတွေ ပြင်ဆင်နေတယ်၊ မဏ္ဍပ်တွေ ဆောက်နေတာ ပြီးသလောက်ဖြစ်ပြီလို့ ကြားတယ်” လို့ ပြောပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံမြို့ပြအင်ပါယာအပြင် အခြားသော အောင်မြင်မှုတွေကို တည်ဆောက်နိုင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၈၈၈ ခုနှစ်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။

ရှမ်းနီမျိုးနွယ်တို့ရဲ့ သွေးစည်းချစ်ကြည်မှု ခိုင်မာစွာ တည်ဆောက်ဖို့၊ ရှမ်းနီအမျိုးသားသမိုင်းကြောင်း တစ်လျှောက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူတွေကို အမှတ်ရ ဂုဏ်ယူလေးစားတတ်ဖို့၊ ရှမ်းနီပြည်သူလူထု အတွင်း အမျိုးသားရေး စိတ်ဓါတ်မြင့်မား တက်ကြွစေဖို့ စတဲ့ဦးတည်ချက်တွေနဲ့ ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းနီမျိုးနွယ်တို့ရဲ့ ဇာတိဂုဏ်၊ အမျိုးဂုဏ်ကို တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်စေလို စိတ်တွေ ပေါက်ဖွားရှင်သန်နိုင်စေဖို့ နဲ့ ပြည်ထောင်စုအတွင်း ညီနောင်တိုင်းရင်းသား ညီကိုတွေနဲ့ တရားမျှတသော တန်းတူအခွင့်အရေးကို ပူးပေါင်းလက်တွဲပြီး ငြိမ်းချမ်းစွာ တည်ဆောက်နိုင်ဖို့ ဦးတည်ကျင်းပ ခဲ့ကြတယ်လို့ သိရပါတယ်။

အရင်က ရှမ်းနီအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပေမယ့် ကပ်ရောဂါ နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် တစ်စုတစ်စည်းထဲ ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ရှမ်းနီတို့ရဲ့ အနယ်နယ် အရပ်ရပ်၊ အဖွဲ့အစည်းအသီးသီးမှ မိမိတို့ရဲ့ သင့်လျော်သော အစီအစဉ်တွေနဲ့ ကျင်းပခဲ့ကြပါတယ်။

ရှမ်းနီလူမျိုးတွေဟာ မြန်မာပြည် အထက်ပိုင်း ဟုမ္မလင်း၊ သောင်သွပ်၊ ခန္တီး၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ နဲ့ ဖားကန့် စတဲ့ဒေသတွေမှာ ကျယ်ပြန့်စွာ နေထိုင်ကြပါတယ်။

အဆိုပါ ဒေသတွေကို စုစည်းပြီး ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းနိုင်ဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်က ကျင်းပခဲ့တဲ့ ရှမ်းနီအမျိုးသားနေ့ အခမ်းအနားမြင်ကွင်းတွေကို တွေ့ရစဉ်။

related posts

Leave a Comment