ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဖို့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ ဒီကနေ့ မနက်ပိုင်းကစပြီး နေပြည်တော် တပ်မတော် လေဆိပ်ကနေ ထွက်ခွါသွားပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ရုရှားကိုထွက်ခွာသွားတာလည်းဖြစ်ပါတယ်။
အဲဒီ ခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်က အဆင့်မြင့် အရာရှိကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ စစ်ဘက်၊ နယ်ဘက်က တာဝန်ရှိသူတွေလိုက်ပါသွားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ခရီးစဉ်အတွင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်နဲ့တွေ့ဆုံဆွေးနွေးတာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးတာ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံဆွေးနွေးတာအပါအဝင် ရုရှား အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း အသိပေးထားပါတယ်။
ဒါအပြင် နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ယခု ၂၀၂၅ခုနှစ်ဟာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၇ နှစ် ပြည့်မြောက်တဲ့နှစ်ဖြစ်ပြီး နှစ်နိုင်ငံဆက်သွယ်ဆက်ဆံမှု၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ အပြန်အလှန်လည်ပတ်မှု၊ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတို့တိုးတက်နေတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီနဲ့ ရုရှားတို့ဟာ ထားဝယ်အထူးစီးပွားရေးဇုန်ရင်းနှီးမြှုပ်နှံမှုအတွက် သဘောတူ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ စစ်ခေါင်းဆောင်ရဲ့ ရုရှားချစ်ကြည်ရေး ခရီးစဉ်ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာပြုလုပ်တဲ့ မဲခေါင် ထိပ်သီးအစည်းအဝေးကို သွားရောက် တက်ရောက်ခဲ့ပါသေးတယ်။