Home စီးပွားရေး ပဋိပက္ခကြားက စျေးကွက်ပေါ်ရောက်လာတဲ့ ရှေးဟောင်းသျှမ်းလက်ရာဆင်းတုတော်

ပဋိပက္ခကြားက စျေးကွက်ပေါ်ရောက်လာတဲ့ ရှေးဟောင်းသျှမ်းလက်ရာဆင်းတုတော်

by Homeland Author

၁။ ခေတ်ကာလလေ့လာချက်
သည်ဆင်းတုတော်ဟာ ကိုလိုနီခေတ်ဦးကာလ သျှမ်းလက်ရာ ဆင်းတုတော်ဖြစ်ပါတယ်။ ကမ္ပည်းစာမပါလျှင် ကုန်းဘောင်ခေတ်နှောင်းလက်ရာ ဆင်းတုတော်လို့ ပြောရမလိုဖြစ်အောင် မန္တလေးရတနာပုံခေတ် လက်ရာကို အမှီပြုပြီး ထုလုပ်ထားတာဖြစ်ပါတယ်။ သို့သော် ပလ္လင်ရဲ့ ကျောဘက်မှာပါတဲ့ ကမ္ပည်းစာအရ ကိုလိုနီခေတ်ဦးကာလလို့ အခိုင်အမာဆိုနိုင်ခြင်း ဖြစ်ပါတယ်။

ကမ္ပည်းစာကတော့-
၁ “၁၂၇၂ၶု ၵု
၂ ဝ်တေႃ သုၼႆ တႃ
၃ ၼ ၶံသွ
၄ ၼ်ယွၼ်မိုင်
၅ မႁႃၼိပၼ်
၆ တိၶႃ သႃဓု “

ဆိုပြီးတော့ စာကြောင်းရေ (၆) ကြောင်းနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒါကို ယခုခေတ်သုံးစာအတိုင်း ပြန်ဆိုရေးသားရလျှင် –
“၁၂၇၂ခု ၵူဝ်ႇတေႃႇသူႇၼႆႉ တႃႇၼၶမ်းသွၼ်း ယွၼ်းမိူင်းမႁႃႇၼိပ္ပၼ်တီႈၶႃႈ သႃႇထု”
ဆိုပြီးရပါတယ်။

ကမ္ပည်းစာပါ ခုနှစ်ဟာ ကောဇာသက္ကရာဇ် (သို့မဟုတ်) သျှမ်းတွေကြားမှာ စူဠသက္ကရာဇ်လို့ သိကြတဲ့ ခုနှစ်ဖြစ်ပါတယ်။
၁၂၇၂ နှစ်လို့ အတိအကျဆိုတဲ့အတွက် အထက်မြန်မာပြည် အပါအဝင် သျှမ်းပြည်ကို အင်္ဂလိပ်တွေသိမ်းယူအပြီး AD1910 ခုနှစ် ကာလဖြစ်ပါတယ်။ အထက်မြန်မာပြည်နဲ့ သျှမ်းပြည်ကို ဗြိတိသျှအုပ်ချုပ်ရေးစတင်ချိန်က ရေတွက်လျှင် (၂၄) နှစ် အကြာကာလမှာ သည်ဆင်းတုတော်ကို သွန်းလုပ်လှူဒါန်းတာဖြစ်ပါတယ်။

၂။ အကြောင်းအရာပိုင်းလေ့လာချက်

အလှူရှင်က သူ့နာမည်နဲ့ သူပြုတဲ့အလှူကိုတွဲပြီး တိုတိုရှင်းရှင်းပဲ ဖော်ပြပါတယ်။ ကမ္ပည်းစာကို ကြည့်လိုက်လျှင်ပဲ –
“တႃႇၼၶမ်းသွၼ်း> ဒါနခမ်းဆွမ်း(ခမ်းဆွမ်း၏ ဒါန)”
လို့ ရှင်းရှင်းလင်းလင်း ရေးထားတာကို မြင်နိုင်ပါတယ်။ ဆင်းတုတော်ရဲ့ ကျောဘက်က နေရာလွတ်မှာ ဆန့်သလောက် ရေးရတာမို့ တိုတိုရှင်းရှင်း ရေးတာလည်း ဖြစ်ပါတယ်။

အလှူရှင်ရဲ့ အမည်ဖော်ပြချက်အရ ထပ်သိနိုင်တာကတော့ အလှူရှင်ဟာ အမျိုးသမီးဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ကမ္ပည်းစာပါ-
“ၶမ်းသွၼ်း>ခမ်းဆွမ်း”
ဆိုတဲ့ အမည်ဟာ ရှမ်းအမျိုးသားတွေမှာ ပေးလေ့မရှိတဲ့ အမည်ဖြစ်ပါတယ်။ ရှင်းလင်းစွာ တင်ပြရလျှင်
“ၶမ်း> ခမ်း(ရွှေ)”
ဆိုတဲ့ စကားလုံးနဲ့
” သွၼ်း> (ဆွမ်း) သွန်းလုပ်သည် “
ဆိုတဲ့ စကားလုံးကို ရှမ်းအမျိုးသားတွေအတွက် အမည်ပေးရာမှာ တစ်လုံးစီ သီးခြားအသုံးပြုပြီး မှည့်ခေါ်လေ့ရှိပေမယ့်
“ၶမ်းသွၼ်း>ခမ်းဆွမ်း( ရွှေရည်သွန်းထုထားသူ)”
ဆိုတဲ့ နုနုရွရွအမည်မျိုးကိုတော့ မှည့်ခေါ်လေ့ မရှိကြတာကြောင့် ဖြစ်ပါတယ်။

အလှူရှင်ဟာ ဆုတောင်းကိုလည်း တိုတိုနဲ့လိုရင်းပဲ တောင်းပါတယ်။ သူရချင်တဲ့ဆုကတော့
“ မိူင်း မႁႃႇၼိပ္ပၼ်> မိန်း မဟာနိဗ္ဗာန် (မြတ်သောနိဗ္ဗာန်ပြည်ကြီး)”
ပဲ ဖြစ်ပါတယ်။

သည်ဆုတောင်းမျိုးကို ညောင်ရမ်းခေတ် (AD1600-1752) လောက်ကစပြီး သျှမ်းလက်ရာ ဆင်းတုတော်တွေရဲ့ ပလ္လင်နောက်ကျောဘက်မှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။ ဆိုတော့ သည်လိုဆုတောင်းမျိုးဟာ ညောင်ရမ်းခေတ်ကနေ ကိုလိုနီခေတ်ဦးကာလ နှစ်ပေါင်း ၃၀၀ ကျော်သည်အထိ သျှမ်းလူထုကြားမှာ ခေတ်စားနေဆဲဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းဆိုရလျှင် ပလ္လင်ရဲ့ကျောဘက်က နေရာအရ ဆန့်သလောက်သာ ရေးထိုးရတဲ့အတွက် ဆုတောင်းကို တိုတိုနဲ့လိုရင်းသာ ရေးထိုးခဲ့ကြတယ်လို့လည်း သုံးသပ်နိုင်ပါသေးတယ်။

၃။ အရေးအသားပိုင်း လေ့လာချက်

အရေးအသားဘက် လေ့လာကြည့်တဲ့အခါမယ် ထူးထူးခြားခြား ဝဆွဲကို ( ှ ) လို ထည့်သွင်းရေးသားထားကြောင်း တွေ့ရှိရပါတယ်။
သဒ္ဒဗေဒအရ ပညာရှင်အများ လက်ခံထားကြတာက သျှမ်းတွေမှာ ဟထိုးသံ(ဟှ) မရှိဘူးဆိုတဲ့အချက် ဖြစ်ပါတယ်။ သို့သော် သည်ကမ္ပည်းစာမှာ-
“သှၼ် ယှၼ်”
ဆိုပြီးတော့ ဟထိုးတွေထည့်ပြီး ရေးထိုးထားတာကို တွေ့ရတဲ့အခါ ပုံမှန်ရေးထုံး ဖြစ်မနေဘူးဆိုတာကို သတိပြုမိပါတယ်။ ဒါနဲ့ ကုန်းဘောင် ခေတ်ဦးလောက်က ရှမ်းပရပိုက်ပါ ရေးထုံးတွေ၊ ညောင်ရမ်းခေတ် ရှမ်းဆင်းတုတွေမှာပါတဲ့ ကမ္ပည်းစာတွေနဲ့ ပြန်တိုက်ဆိုင်ကြည့်ရပါတယ်။

သည်လိုတိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှ ကုန်းဘောင်ခေတ် အလယ်ပိုင်းလောက်ကစပြီး ကုန်းဘောင်ခေတ်နှောင်းကာလအတွင်းက အချို့သော ရှမ်းစာရေးထုံးတွေမှာ ဝဆွဲရေးတဲ့အခါ ဟထိုးလို ရှည်ရှည်ဆွဲပြီး အဖျားနားရောက်မှ ဝပုံပေါက်ရုံလောက်သာ ရေးကြကြောင်းကို သိရှိရပါတယ်။ ဆိုတော့ ကမ္ပည်းစာပါ-
“သှၼ် ယှၼ်” ဆိုတာ “သွၼ် ယွၼ် – သွၼ်း ယွၼ်း”
ဖြစ်ကြောင်း သုံးသပ်ရပါတယ်။
နောက်ထပ်အရေးအသားကတော့
“သႃဓု(သာဓု>ကောင်းမြတ်သည်)”
ဆိုတဲ့ အရေးအသားဖြစ်ပါ တယ်။ သဒ္ဒဗေဒအရ သျှမ်းတွေမှာ သံပြင်းပြင်း/ အသံတင်းတင်း ရွတ်ဆိုရတဲ့ ဃောသအက္ခရာ၊ ဓနိတအက္ခရာ မရှိဘူးလို့ ပညာရှင်တွေက သုံးသပ်ထားပေမယ့် သည်ကမ္ပည်းစာမှာတော့ “ဓ(ဃောသ၊ ဓနိတ)အသံ”ကို ထည့်ရေးထားတာ တွေ့ရပါတယ်။

အများအားဖြင့် သျှမ်းတွေရဲ့ ရှေးက တရားစာပေတွေ၊ ကမ္ပည်းစာပေတွေမှာ “သာဓု”ဆိုတဲ့ဝေါဟာရကို သျှမ်းလို”သႃထု” လို့သာ ရေးခဲ့ကြပါတယ်။ သို့သော် သည်ကမ္ပည်းစာမှသာ “သႃဓု” ဖြစ်နေပါတယ်။

ဒါကြောင့် သည်အရေးအသားကိုကြည့်ပြီး AD1910 ခုနှစ်မှာ သျှမ်းစာရေးထုံး မငြိမ်သေးဘူး၊ သျှမ်းစာနဲ့ ဗမာစာရေးထုံးလည်း တွဲရေးနေတယ်၊ အလှူရှင် (သို့မဟုတ်) ကမ္ပည်းရေးပေးသူဟာ ဗမာစာကိုလည်း သင်ယူဖူးသူဖြစ်တယ်လို့ စုပေါင်းသုံးသပ်နိုင်ပါတယ်။

၄။ လက်ရာပိုင်း လေ့လာချက်

ဆင်းတုတော်ရဲ့ လက်ရာပိုင်းကို ကြည့်ကြပါဦးစို့။ ဆင်းတုတော်ရဲ့ မဏိ(ဦးခေါင်း)တော်ဟာ မီးလျှံ(သို့မဟုတ်)ပိန္နဲတိုင်ပုံ အချွန်မဟုတ်ဘဲ ဆံစုထုံးပုံဖြစ်ပါတယ်။
မျက်နှာတော်ဟာ မျက်လွှာချသယောင် ဆိုပေမယ့် စူးစိုက်ကြည့်နေသယောင်လည်း တွေ့ရပါတယ်။ နားရွက် တော်ဟာ ပုခုံးတော်ကို ထိနေပြီး ဘုရားရှင်ရဲ့ ထိခြင်း (၅) ပါးထဲက တစ်ပါးနဲ့ ပုံဖော်ပြထား နိုင်ပါတယ်။

တကယ်တော့ ကြေးသွန်းပညာအားနည်းချက်အရ ခေါင်းတော်မကျိုး အောင် ပုခုံးတော်ကို နားရွက်တော်နဲ့ ထောက်ပင့်ပေးထားခြင်းက အဓိကဖြစ်တယ်လို့သာ သုံးသပ်ပါတယ်။
သင်္ကန်းတော်မှာတော့ လက်ကန်တော့ထိုးပြီး ရုံထားသယောင်တွေ့ရပြီးတော့ သင်္ကန်းအရေးဟာ ခပ်ထူထူနဲ့ လှိုင်းတွန့်သဏ္ဍာန်တွေ့ရပါတယ်။ သင်္ကန်းအခြေက အနားတွေမှာဆို ရှေ့ဖုံးပုံစံ ပန်းလိပ်ပုံစံမျိုးကလေးတောင် တွေ့ရပါတယ်။

သင်္ကန်းပါးပါးနဲ့ ကိုယ်တော်ပြည့်ဖြိုးခြင်းကို ထုပြတဲ့ ယွန်းသျှမ်းဆင်းတုတော်မျိုးတွေကနေ သင်္ကန်းထူထူရုံပြီး သင်္ကန်းအရေးလှအောင် ထုတဲ့ ဗမာလက်ရာမျိုးဘက်ကို ယိမ်းလာနေပြီဆိုတာကို သည်ဆင်းတုက ဖော်ပြနေပါတယ်။ ညောင်ရမ်းခေတ် သျှမ်းလက်ရာဆင်းတုတော်တွေနဲ့ ကုန်းဘောင်ခေတ်အလယ်ပိုင်းကာလှသည် ကိုလိုနီခေတ်အတွင်းကာလအထိသော သျှမ်းဆင်းတုတော် အများစုဟာ သည်အချက်မှာ လုံးဝကွာဟသွားပြီ ဖြစ်ပါတယ်။

လက်တော်ဟာ မြေကြီးကို လက်နဲ့ထိပြီး သစ္စာပြုနေတဲ့ ဘူမိဖဿလက်ရာဖြစ်ပါတယ်။ ဗောဓိပင်နဲ့ ရွှေပလ္လင်ကို မာရ်နတ်သားလာလုတော့ ဘုရားရှင်က မြေကြီးကို လက်တော်နဲ့ထိပြီး ပါရမီတော်ဖြည့်ကျင့်ခဲ့မှုတွေကို သစ္စာဆိုကာ မာရ်နတ်ရန်ကို အောင်နိုင်ခဲ့တဲ့ အထိန်းအမှတ်နဲ့ သည်လိုလက်ရာမျိုးကို ထုခုပ်ကိုးကွယ်ကြတာဖြစ်ပါတယ်။ ခြေတော်ကတော့ မဟာပလ္လင်လို့ အခုခေတ်မှာ ခေါ်နေကြတဲ့ ခြေခွေပုံစံ ပဒုမာသနလက်ရာ ဖြစ်ပါတယ်။ တည်ကြည်လေးနက် ခြင်း၊ ခိုင်မြဲခြင်းသဘောတွေမှာ သည်အာသန(ခြေပုံစံ)မျိုးကို ထုလုပ်လေ့ရှိပါတယ်။

ပလ္လင်ပုံတော်ကတော့ ယွန်းသျှမ်းကလာတဲ့ ပုံစံကို မဖျောက်နိုင်သေးပါဘူး။ မူလပလ္လင်ပုံစံ တွေမှာဆို ထိုင်တော်မူတဲ့နေရာကို အိဝင်နေသလိုပုံစံနဲ့ ခပ်ခွက်ခွက် ထုလုပ်လေ့ရှိပါတယ်။ ပြီးတော့ ပလ္လင်ရှေ့မှာဆိုလည်း ရှေ့ဖုံးပုံစံပန်းအထပ်ထပ်နဲ့ လုပ်လေ့ရှိပါတယ်။ သည်လိုမှ မဟုတ်လျှင် ကြာပလ္လင်ပုံစံလည်း လုပ်လေ့ရှိပါတယ်။ သည်ပုံတော်မှာတော့ ကြာပလ္လင်ဟန် ကနေ မလာဘဲ ရှေးဖုံးပါတဲ့ အလယ်ခပ်ခွပ်ခွက်နဲ့ ဘေးနှစ်ဘက်ကို ပြန်ကားသယောင်ထုလုပ် လေ့ရှိတဲ့ ပလ္လင်အမျိုးအစားဟန်ပန်ကနေ ဆင်းသက်လာတယ်လို့ ပုံစံအရ သုံးသပ်နိုင်ပါတယ်။

နောက်ဆုံးတစ်ချက် ပြောပြလိုတာကတော့ ဝမ်းနည်းစရာစကားပါ။ အခုဖော်ပြပါဆင်းတုတော် ဟာ မည်သို့မည်ပုံ ဖြစ်တယ်မသိရဘဲ ရှေးဟောင်းပစ္စည်း ရောင်းချရာ အွန်လိုင်းစျေးကွက် ပေါ်မှာ ရောက်ရှိနေပါတယ်။

၅။ သတိပြုစရာအချက်

နှစ်ပေါင်း၁၁၃နှစ် သင်တမ်းရှိပြီး သျှမ်းစာကမ္ပည်းထိုးထားတဲ့ မန္တလေးရတနာပုံခေတ် သျှမ်းလက်ရာဆင်းတုတော်ဟာ မူလသီတင်းသုံးရာ သျှမ်းပြည်ကနေ အွန်လိုင်းပေါ်ကြွချီပြီး အရောင်းချခံပစ္စည်း ဖြစ်နေရတာဟာ နှမျောတသစရာကောင်းပါတယ်။

သည်လိုမျိုးဆင်းတုတော်တွေ၊ သည်ထက်ရှေးကျတဲ့ ဆင်းတုတော်တွေဟာ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခဖြစ်ပွားရာ သျှမ်းပြည်ကနေ နည်းအမျိုးမျိုးနဲ့ ဘယ်လောက်များ ပျောက်ပျက်နေပြီလဲလို့ တွေးမိတဲ့အခါ ဝမ်းနည်းစရာဖြစ်လာရပါတယ်။

ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ရှုထောင့်ကဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေအရဖြစ်စေ လူမျိုးတစ်မျိုးရဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ဘာသာရေး အထိမ်းအမှတ်ပစ္စည်းတွေဟာ စစ်ရေးနဲ့ နိုင်ငံရေးပဋိပက္ခများအကြားမှာ မပျောက်ကွယ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။

သျှမ်းပြည်က လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ သည်အချက်ကို လေးစား လိုက်နာသောအားဖြင့် ယခုလို တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ မိမိတို့ထိန်းချုပ်ထားတဲ့ ဒေသများအတွင်းက ရှေးဟောင်းသမိုင်းဝင် အဆောက်အဦများ၊ ရှေးဟောင်း ဘာသာရေးဆိုင်ရာ နေရာများ၊ ရှေးဟောင်းဆင်းတုတော်များနဲ့ ရှေးဟောင်းပစ္စည်းများအပေါ် ကာကွယ်စောင့်ရှောက်သင့်ပါကြောင်း ယခုဆင်းတုတော်ကို ဥပမာပြရင်း လေးစားစွာ အကြံပြုတင်ပြ လိုက်ရပါတယ်။ ။

ဆေခမ်းဖ
မန္တလေးတက္ကသိုလ်

related posts

Leave a Comment