တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ မြန်မာစစ်ကောင်စီ နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ ဆွေးနွေးမှုမှာ စစ်ကောင်စီဖက်က အပေါ်စီးကနေ ဆွေးနွေးနိုင်တယ်လို့ TNLA ဒုတိယစစ်ဦးစီချုပ် တာဘုန်းကျော်က ပြောပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ သဘောတူညီချက် ရရှိပြီးဖြစ်တဲ့အတွက် အပေါ်စီးကနေ ဆွေးနွေးနိုင်သလို အောက်ခြေမှာလည်း ထိုးစစ်တွေ ပိုတိုးလာတယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
တာဘုန်းကျော်က “MNDAAနဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ နစကဟာ အပေါ်စီးကနေ ဆွေးနွေးမဲ့ သဘောဆောင်ပါတယ်။ အောက်ခြေမှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဖက် ထိုးစစ်တွေ ပိုတိုးလာတယ်။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ကောင်းကင်ယံမှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/ Y-12 တောက်လျှောက် ပျံသန်းပြီး အသီးတွေ ချချင်သလို ဖောဖောသီသီ ချနေတယ်။ တရုတ် စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်ပါ။ အရင်းနှီးကတော့ နေ့စဉ်နှင့်အမျှ ကြီးနေဆဲ” လို့ ရေးသားခဲ့တာပါ။
ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက် တွေ့ဆုံမှုမှာ TNLA ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီဖက်မှာတော့ အရင် MNDAA နဲ့ ဆွေးနွေးခဲ့တဲ့ ကစထ (၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်ပြီး TNLA နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကို TNLA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးဖို့ ရောက်ရှိနေချိန်မှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်အတွင်း မြန်မာစစ်ကောင်စီမှ မနေ့က လက်နက်ကြီး နဲ့ Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA-TNLA-MNDAA တို့ ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်က မြို့အများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာစစ်ကောင်စီနဲ့ ညီနောင် မဟာမိတ်တို့ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။