နောင်ချိုမြို့နယ်မှာ မြန်မာစစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့တာကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သား ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာ နဲ့ မန်မော်ကျေးရွာကြားမှာ စစ်ကောင်စီတပ် နဲ့ TNLA တို့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် တိုက်ပွဲပြင်းထန်နေခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် နေ့လယ် ၁ နာရီကျော်မှာ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခြင်းကြောင့် TNLA တပ်သားတွေဟာ မူးဝေတာ၊ အသက်ရှုမြန်ဆန်တာ၊ မအီမသာဖြစ်တာ၊ စိတ်လှုပ်ရှား မြန်ဆန်တာ၊ မောပန်းတာ အောက်စီဂျင်ကျတာ စတဲ့ဝေဒနာခံစားရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီတပ်ဟာ တိုက်ပွဲကာလအတွင်း နိုင်ငံတကာတားမြစ်တဲ့ အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတယ်လို့ TNLA က ဆိုပါတယ်။
အခုလအတွင်း အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှု နဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင် နဲ့ ပြည်သူနေအိမ် ၁၁ လုံး ပျက်စီးသွားခဲ့ရတယ်လို့ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မြန်မာစစ်ကောင်စီရဲ့ စခန်းသစ် လက်နက်ကြီးကုန်းကို TNLA က ရယူစိုးမိုးထားစဉ် မြန်မာစစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း TNLA က နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၄ ရက်က လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း တိုက်ပွဲအတွင်း မြန်မာစစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံးကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။