အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ဗဟိုချုပ်ကိုင်မှုစနစ် အသစ်တဖန် ပြန်လည်အားကောင်းစေမယ့် ဗဟိုအခြေပြုဖက်ဒရယ်စနစ် လက်ခံကျင့်သုံးမည်မဟုတ်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းတွေ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြုဖက်ဒရယ်ကောင်စီတွေမှ ဒီကနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) (၇၈) ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဗဟိုချုပ်ကိုင်မှုစနစ် အသစ်တဖန် ပြန်လည်အားကောင်းစေမယ့် ဗဟိုအခြေပြုဖက်ဒရယ်စနစ် လက်ခံကျင့်သုံးမှာမဟုတ်ကြောင်း နဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး အခြေခံချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်ရေး ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိမိတို့အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိတဲ့ အုပ်ချုပ်ရေးစာတမ်း အဖြစ် ကျင့်သုံးဆောင်ရွက်သွားဖို့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင် ရေးဆွဲနေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အစိုးရအဆက်ဆက်ရဲ့ ဆယ်စုနှစ် ခုနှစ်ခုကျော်တိုင် တည်ရှိနေတဲ့ နက်ရှိုင်းသော နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတာဟာ ပကတိ အရှိတရားဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ (TPCC) နဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB တို့မှ ပူးတွဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။