Home စစ်ရေး ဗန်းမောက်မှာ ကတူးလူမျိုး ၆ ဦးကို PDF ဖမ်းဆီး

ဗန်းမောက်မှာ ကတူးလူမျိုး ၆ ဦးကို PDF ဖမ်းဆီး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် စက်တောကျေးရွာ ကတူးလူမျိုး ၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ တစ်ခုက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ကတူးလူငယ်အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က ညပိုင်းမှာ ကတူးလူမျိုးကျောင်းဆရာမ ၅ ဦး နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ခံ တို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့်ဖမ်းဆီးသွားသလဲဆိုတာ မသိရှိရသေးသလို ဘယ်နေရာကို ခေါ်ဆောင်သွားသလဲဆိုတာလည်း မသိရှိရသေးကြောင်း ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်လျက်ရှိနေပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းဆရာမတွေနဲ့ အုပ်ချုပ်ရေးမှူးတာဝန်ခံတွေဟာ ၂၀၂၁ နိုင်ငံရေး မဖြစ်ကတည်းက ကတူးလူမျိုးတိုးတက်ရေးအတွက် စာပေ၊ ယဉ်ကျေးမှု အစရှိသော အမျိုးသားရေးကိစ္စတွေမှာ တစ်ထောင့်တစ်နေရာမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသူတွေဖြစ်တဲ့အပြင် ကျေးရွာရှိ ကလေးသူငယ်တွေရဲ့ ပညာရေးမှာလည်း တစ်နည်းနည်းနဲ့ ကျေးဇူးပြုခဲ့ဖူးသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ အရင်ကဆောင်ရွက်ခဲ့ဖူးတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို ငဲ့ညှာထောက်ထား၍ လည်းကောင်း၊ ကတူးလူမျိုးတို့ရဲ့ ဖြစ်တည်မှုကို အပြန်အလှန်လေးစားသည့်အနေဖြင့် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားတဲ့အနေဖြင့် လည်းကောင်း အဖမ်းဆီးခံ ကတူးလူမျိုးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဗန်းမောက်မြို့နယ် ပလဖအဖွဲ့မှ ကတူးအမျိုးသားအဖွဲ့ ဗဟိုကော်မတီဝင် တစ်ဦးကို ဖမ်ဆီးသွားပြီး သံချေကျင်းနဲ့ ချုပ်နှောင်ကာ တစ်လအကြာ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၂၉၊ ၃၀ ရက်တွေမှာ ဗန်းမောက်အနောက်ပိုင်းဒေသ ကြောင်လည်ကျေးရွာ နဲ့ ပင်းခါးကျေးရွာက ရှမ်းနီလူမျိုး ကျေးရွာသူ/ရွာသား ၇၀၀ ကျော်ကို KIA၊ PDF တို့က ဖမ်းဆီးပြီး ပင်လည်ဘူးအစပ် မာန်လူ၊ စာခမ်းဖက်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment