Home နိုင်ငံရေး ဖယ်ခုံမှာ ဆရာတော် ဦးဓမ္မသရ နဲ့ ဒကာဖြစ်သူ သတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ ရှမ်းအရပ်ဖက်အဖွဲ့တွေ တောင်းဆို

ဖယ်ခုံမှာ ဆရာတော် ဦးဓမ္မသရ နဲ့ ဒကာဖြစ်သူ သတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ ရှမ်းအရပ်ဖက်အဖွဲ့တွေ တောင်းဆို

by Homeland Author

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အုန်တိုင်းကျေးရွာရှိ ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရ နဲ့ ၎င်းရဲ့ ဒကာဖြစ်သူ ဦးအိုက်ပီးတို့ ရက်စက်စွာ သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက မနေ့က မတ်လ ၆ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်မှာ ဆရာတော် နဲ့ ၎င်းရဲ့ ဒကာတို့ကို လက်နက်ကိုင် လူတစ်စုက ဝင်ရောက်ပြီး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဆရာတော် ဦးဓမ္မသာရမှာ သေနတ်ဒဏ်ရာ ၈ ချက်နဲ့ ဒကာဖြစ်သူ ဦးအိုက်ပီးမှာ ဒဏ်ရာ ၂ ချက်ရရှိပြီး နေရာမှာပင် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဆရာတော် နဲ့ ဒကာဖြစ်သူတို့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖယ်ခုံမြို့၊ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းဒေသဟာ တော်လှန်ရေးအဖွဲ့အစည်းတွေမှ ပြည်သူလူထုကို စိုးမိုးအုပ်ချုပ်ပြီး လက်နက်ကိုင် လုံခြုံရေးယူ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တော်လှန်ရေး နယ်မြေအတွင်း လက်နက်ကိုင်ထားတဲ့ လူတစ်စုက မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ပြီး လက်နက်မဲ့ ဆရာတော် နဲ့ ဒကာဖြစ်သူတို့ကို သတ်ဖြတ်ခဲ့ကြသည့်အပေါ် ဒေသခံ စစ်ရှောင်ပြည်သူတွေ၊ ရှမ်းပြည်သူတစ်ရပ်လုံးနဲ့ တစ်သားတည်း ရပ်တည်ပြီး မိမိတို့ သျှမ်းလူငယ်ထု၊ အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုံ့ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖယ်ခုံမြို့နယ် လအိကျေးရွာ ဆုထူးပန်စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော် ၁၆ ဆူမှ ၉ ဆူကို ရည်ရွယ်ချက်ရှိရှိ ခေါင်းဖြတ်ခဲ့၍ ကျန်ရှိတဲ့ ရုပ်ပွားတော်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေဟာလည်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့ပြီး တရားခံကို လုံးဝဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း ၊ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခြင်း မရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မိမိတို့အနေဖြင့် ဆရာတော်နဲ့ ဒကာတို့ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဘာသာ‌ရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေ ဆက်လက်မဖြစ်လာစေဖို့၊ လအိကျေးရွာ ဆုထူးပန်စေတီတော်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတိုင်း ပြစ်မှုကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိဘဲ လက်ရှိ အချိန်ထိ လွတ်မြောက်နေမှု‌တွေ ဖြစ်မနေစေဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့၊ တော်လှန်ရေးအဖွဲ့အစည်းအားလုံးကို ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

ဒေသအတွင်းရှိ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြည်သူ့သစ္စာ၊ တော်လှန်ရေး သစ္စာ မစူးစေချင်လိုတဲ့ ဆန္ဒနဲ့ အဆိုပါ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးပြီး ပြည်သူလူထု တစ်ရပ်လုံးထံကို ပွင့်လင်း မြင်သာမှုရှိစွာ ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဆရာတော် နဲ့ ဒကာဖြစ်သူကို သတ်ဖြတ်မှုမှာပါဝင်ခဲ့ကြတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။

related posts

Leave a Comment