Home စစ်ရေး ပြည်မဒေသမှာ စစ်ရေး ပိုပြင်းထန်လာနိုင်ဟု ပြော

ပြည်မဒေသမှာ စစ်ရေး ပိုပြင်းထန်လာနိုင်ဟု ပြော

by Homeland Author

အခု ၂၀၂၅ ခုနှစ်မှာ တိုင်းရင်းသားဒေသတွေထက် ပြည်မဒေသဖက်ကို စစ်ရေး ပိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေး နဲ့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ရှမ်းမြောက်၊ ကချင် နဲ့ ရခိုင်ပြည်နယ်တို့မှာ ကြီးမားတဲ့ စစ်ရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပြီး မြန်မာစစ်ကောင်စီဖက်က တပ်စခန်းတွေ၊ တပ်မတွေ၊ ဗျူဟာကုန်းတွေ နဲ့ တိုင်းစစ်ဌာနချုပ်အချို့ လက်လွှတ်ခဲ့ရပါတယ်။

လက်ရှိမှာ ပဲခူး၊ ပြင်ဦးလွင် အနီးတဝိုက် တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း၊ စစ်ကိုင်းတိုင်းဖက် မှာလည်း စစ်ရေးအတွက် ပြင်ဆင်မှုတွေ ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“ပြည်မဖက်ကလည်း ပဲခူးတိုင်းတို့ ဘာတို့ တကျိမ်းကျိမ်းပဲလေ၊ ပြင်ဦးလွင်ပတ်ပတ်လည်လည်း တကျိမ်းကျိမ်းပဲ၊ အဲဒီတော့ စစ်ကိုင်းတိုင်းတို့ ဘာတို့ဖက်မှာလည်း‌ တော်တော်တာဆူနေကြတာပဲ၊ ကျမပြောသလိုပါပဲ တစ်ပြည်လုံး အခြေအနေအရကိုပဲ စစ်ရေးတွေ၊ စစ်ရေး တိုက်ပွဲ အခြေအနေတွေ ပိုပြင်းထန်လာမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဟာ စစ်ကိုင်းတိုင်းမှာ ပြည်ထောင်စုအဆင့်ရုံးစိုက်ပြီး အရပ်ဘက်အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မယ်လို့ အခုနှစ် အစောပိုင်းမှာ ပြောကြားထားပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ဒေသတို့မှာ အခြေပြုလှုပ်ရှားတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တို့ဟာလည်း မြန်မာပြည်အလယ်ပိုင်းဒေသ၊ အညာဒေသတို့မှာ စစ်ရေး လှုပ်ရှားမယ်လို့ ပြောကြားထားပါတယ်။

မြန်မာပြည်အလယ်ပိုင်းဒေသကို မြန်မာစစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တည်ဆောက်ထား တာကြောင့် ရှမ်းမြောက်က စစ်ဆင်ရေးလို ဖြစ်လာမလားဆိုတာ ခန့်မှန်း၍ မရသေးကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ကျနော်တော့ မမှန်းတတ်ဘူးဗျ၊ လူထုကတော့ မကျေလည်တာတော့ ပါတယ်၊ ဒါပေမဲ့ အဲဒီလို အခင်းအကျင်းလောက်နဲ့ တိုးရမှာ ပွဲကြီးတယ်၊ မန္တလေး၊ မိတ္ထီလာ၊ ပြင်ဦးလွင်တို့ ဘာတို့ဆိုတာ စစ်အခြေစိုက်တွေလည်း ဖြစ်တယ်၊ နေပြည်တော်ဆိုတာလည်း အင်နဲ့အားနဲ့ ခံနေတယ်။ အလယ်ပိုင်းက ရသလောက်လေးထိန်း၊ အုပ်ချုပ်လို့ ရသလောက်အုပ်ချုပ်၊ အဒီလိုပဲ ဖြစ်သွားမယ် ထင်တယ်။ မြောက်ပိုင်းလို စစ်ဆင်ရေးတွေ လောက်လောက်လားလား အဖြေကတော့ အောင်ပွဲခံမယ့် အဆင့်ကတော့ ကျနော်မှန်းလို့ မရသေးဘူးဗျ၊ သူတို့ကို အထင်သေးတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဖွဲ့စည်းပုံနဲ့ စိတ်ဓါတ်နဲ့ တိုက်အား တွန်းအားပေါ့ဗျာ၊ ပစ္စည်း ပစ္စယလည်း လိုသေးတာကို ဒီကိစ္စမှာ” လို့ ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး နယ်မြေအချို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာကြောင့် အခုနှစ်မှာ မြန်မာပြည်အလယ်ပိုင်းဒေသမှာ စစ်ရေးအရှိန် ပိုပြင်းထန်လာမယ်လို့ နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောပါတယ်။

ပြည်မဒေသတွေကို ကြီးမားတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ ငွေကြေးလိုအပ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောပါတယ်။

“NUG ဟာ နွေဦးတော်လှန်ရေးရဲ့ မဏ္ဍိုင်ဖြစ်ရမယ့်အစား အဟန့်အတားကြီးတောင် ဖြစ်လာတယ်။ သူ့ကြောင့်မို့လို့ ရှေ့မတိုးနိုင်ဘူး။ ကျန်တဲ့သူလည်း နေရာမပေး၊ နောက်ပြီးတော့ သူမထောက်ပံ့နိုင်တော့ဘူး။ ငွေတွေ တလွဲသုံးဖြစ်တာလေ၊ ဝန်ကြီးဌာနတွေကို ၃၇ ခုလောက် ဖွဲ့ပြီးတော့ တလွဲတွေ သုံးပစ်တယ်၊ ပြီးတော့ တတိယနိုင်ငံပြေးတဲ့ သူတွေကို အလုံးအရင်းလိုက် ထောက်ပံ့တယ်၊ ပြီးတော့ စာရင်းတွေ မရှိဘူး။ သုံးချင်သလို သုံးပစ်တယ်၊ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် အခု တကယ်စစ်တိုက်မယ်ဆိုတဲ့အခါကြတော့ ဧရာဝတီစစ်မျက်နှာမှာ သုံးစရာ ငွေမရှိတော့ဘူး။ မန္တလေး စစ်မျက်နှာမှာ သုံးစရာ‌ ငွေမရှိတော့ဘူး။ အဲဒီလို ဘဝတွေ ဖြစ်သွားပြီးတော့ စစ်ရေးမှာ ပိုက်ဆန်သုံးစရာ မရှိတော့ဘူး။ ဒါကြောင့်မို့လို့ MOD အောက်က ထွက်ကုန်ကြပြီ။ တော်တော်များများ ထွက်ကုန်ကြပြီ။ အဲဒီလို အခြေအနေအောက်မှာ ရှိနေတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA-TNLA-MNDAA တို့ ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နွေဦးတော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပါဝင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးတို့အထိ ကြီးမားသော ထိုးစစ်တွေ လုပ်ဆောင်နိုင်ခဲ့သလို မြို့တွေလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံတစ်ဝှမ်း တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၅ မြို့ရှိနေကြောင်း Myanmar Peace Monitor က ဖော်ပြထားပါတယ်။

related posts

Leave a Comment