အနာဂတ်ကာလမှာ သျှမ်းပြည်ဟာ သျှမ်းပြည်တိုင်းရင်းသားတွေ စုပေါင်းတည်ထောင်တဲ့ ပြည်ထောင်စုသျှမ်းပြည်အဖြစ် တည်ဆောက်ရမှာ ဖြစ်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
ဒီကနေ့ (ဖေဖော်ဝါရီ ၇ ရက်) သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့တဲ့ RCSS/SSA ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်က “မိမိတို့ RCSS အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးခြင်း နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ပေါ်လစီ ချမှတ်ထားတဲ့အတွက် အစည်းအဖွဲ့တိုင်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးကို အမြဲတမ်း တံခါး ဖွင့်ထားပါတယ်။ အနာဂတ်ကာလမှာ သျှမ်းပြည်ဟာ သျှမ်းပြည်တိုင်းရင်းသားတွေ စုပေါင်းတည်ထောင်တဲ့ ပြည်ထောင်စုသျှမ်းပြည် အဖြစ် တည်ဆောက်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံဟာလည်း လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုကို တည်ဆောက်လာတာဟာ ၇၇ နှစ်ပြည့်ပြီဖြစ်ပြီး ယနေ့အချိန်ထိ ပြည်တွင်းစစ်မီး စဉ်ဆက်မပြက် တောက်လောင်ခဲ့တာဟာ မိမိတို့ အချင်းချင်းကြား ရိုးသားမှု မရှိခြင်း၊ ပင်လုံစာချုပ်အတိုင်း မဆောင်ရွက်နိုင်ခြင်း၊ ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း၊ တွေ့ဆုံနွေးနွေးခြင်း နည်လမ်းနဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခြင်းကြောင်းလို့ ပြောပါတယ်။
ဒါကြောင့် ပြဿနာဖြေရှင်းနိုင်ရေးအတွက် အစိုးရနဲ့ အဖွဲ့အစည်းတိုင်းက ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို စုပေါင်း အကောင်အထည်ဖော်ရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၇ ရက်ဟာ သျှမ်းလူမျိုးတစ်မျိုးတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘဲ သျှမ်းပြည်တိုင်းရင်းသားအားလုံးနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ပါတယ်လို့ ပြောပါတယ်။
သျှမ်းပြည် တိုင်းရင်းသားတွေ၊ သျှမ်းပြည် အဖွဲ့အစည်းတွေ အနေနဲ့လည်း မိမိတို့ အချင်းချင်းရဲ့ ကောင်းကျိုးကို ကြည့်ပြီး တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပါစေကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်းထားပါတယ်။
