တအာင်းပညာတတ် လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး တအာင်းတပ်ဖွဲ့ (TNLA) က အင်္ဂလိပ်စာဒီပလိုမာသင်တန်းကို ဖွင့်လှစ်လိုက်ပါတယ်။
တအာင်းလူမျိုးတွေဟာ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် နဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကို အလူးအလဲ ခံစားခဲ့ကြရပြီး မြန်မာပြည်ရှိ အခြားတိုင်းရင်းသားလူမျိုးစုတွေက ပညာရေး၊ စီးပွားရေး နဲ့ နည်းပညာကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်နေချိန် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖိနှိပ်မှုကြောင့် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အရင်ကတည်းက တအာင်းလူမျိုးတွေအကြား အဆင့်မြှင့် နည်းပညာတွေ နဲ့ နိုင်ငံတကာတက္ကသိုလ်တွေမှာ လက်လှမ်းမီတက်ရောက်နိုင်တဲ့ တအာင်းလူငယ်ဦးရေမှာ အလွန်ပင် နည်းပါးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်း နဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသအတွင်းရှိ လူငယ်တွေဟာ ပညာသင်ကြားခွင့် အခွင့်အလမ်းများစွာကို ဆုံးရှုံးနေကြတာဟာ တအာင်းလူမျိုးတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပညာရေးဆိုင်ရာ အကြပ်အတည်းတွေ နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီး TNLA မှ အင်္ဂလိပ်စာဒီပလိုမာသင်တန်းကို အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။
တအာင်းလူငယ်တွေအနေဖြင့် အဆင့်မြှင့်ပညာရေး နဲ့ နိုင်ငံတကာပညာရေး အခွင့်အလမ်းတွေကို ထိရောက်စွာ ရယူနိုင်ဖို့အတွက် လိုအပ်တဲ့ အင်္ဂလိပ်ဘာသာ စကားစွမ်းရည်နဲ့ ပညာရေးဆိုင်ရာ အခြေခံကောင်းတွေကို လေ့ကျင့်သင်ကြားပေးမယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်စာပညာပေးခြင်းအားဖြင့် တအာင်းလူငယ်တွေကို ဒေသအတွင်း နဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေး၊ လုပ်ငန်းခွင်နယ်ပယ်တွေအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ပညာရေးမှတဆင့် နိုင်ငံတကာပညာရေးသို့ လက်လှမ်းမီနိုင်စေဖို့၊ တအာင်းလူငယ်တွေကို ကမ္ဘာတစ်ဝှမ်းရှိ ပညာရေး နဲ့ အင်္ဂလိပ်စာဘာသာစကားစွမ်းရည်တွေ ရရှိဖို့၊ တိုင်းပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် ရပ်တန့်နေတဲ့ ပညာရေးကို ဆက်လက်ဆည်းပူးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အလားတူ အခြေခံအထက်တန်းအဆင့် ပြီးမြောက်သူတွေအတွက် အဆင့်မြှင့်ပညာရေး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊ တအာင်းဒေသရဲ့ အထွေထွေဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အထောက်အပံ့ဖြစ်စေဖို့ စတာတွေ ရည်ရွယ်ပြီး ဖွင့်လှစ်တာလို့ ဆိုပါတယ်။