Home » ဗန်းမောက်မှ နမ့်တောသို့ စာမေးပွဲ လာဖြေဆိုတဲ့ ကျောင်းသားတွေကို ရှမ်းနီအရပ်ဖက်အဖွဲ့ ထောက်ပံ့

ဗန်းမောက်မှ နမ့်တောသို့ စာမေးပွဲ လာဖြေဆိုတဲ့ ကျောင်းသားတွေကို ရှမ်းနီအရပ်ဖက်အဖွဲ့ ထောက်ပံ့

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့မှာ Grade-12 စာမေးပွဲ လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ နဲ့ တာဝန်ကျဆရာ/ဆရာမတွေအတွက် ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေး နှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) မှ ငွေကြေးသွားရောက် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေး နှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) နဲ့ စေတနာရှင်အလှူရှင်တွေ စုပေါင်း၍ အလှူငွေ ကျပ် ၂,၀၅၀,၀၀၀ (သိန်းနှစ်ဆယ် ငါးသောင်းတိတိ) ကို နမ့်တော့မြို့ တာဝန်ခံကျောင်းအုပ် ဆရာဦးဇော်ငြိမ်းချမ်းဦးထံ ချိတ်ဆက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှ နမ့်တော့မြို့သို့ လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး နဲ့ နယ်ဝေးမှ လာရောက်တာဝန်ထမ်းဆောင်ကြတဲ့ ကြီးကြပ်ရေးဆရာ/ဆရာမတွေရဲ့ စားသောက်နေထိုင်မှုအပါအဝင် အထွေထွေလိုအပ်ချက်တွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်ကြတဲ့ ကတူးအာမီ၊ PDF ပူးပေါင်းအဖွဲ့တွေဟာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ထိိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

KIA ပူးပေါင်းအဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဗန်းမောက်မြို့ခံအများအပြား နဲ့ ကျေးရွာပြည်သူလူထုတို့ မြို့ရဲ့ အနောက်ခြမ်း SNA ထိန်းချုပ်ဒေသသို့ သွားရောက်တိမ်းရှောင်ခဲ့ကြရသလို စာသင်ကျောင်းတွေလည်း ပိတ်ထားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် မြို့ပေါ်ကျောင်းသားတွေ ပညာရေးမနစ်နာစေရေး SNA ထိန်းချုပ်ဒေသ အနောက်ခြမ်းမှာ ကျောင်းပြန်လည်တက်စေပြီး ဖေဖော်ဝါရီ လကုန်ပိုင်းမှာတော့ Grade – ၅ နဲ့ Grade – 9 အတန်းတွေ စာမေးပွဲ ဖြေဆိုနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

related posts

Leave a Comment