Home ပညာရေး သျှမ်းနီရှေးဟောင်းပုရပိုက်စာပေ ရွက်ဖတ်ပူဇော်ပွဲ ကျင်းပမည်

သျှမ်းနီရှေးဟောင်းပုရပိုက်စာပေ ရွက်ဖတ်ပူဇော်ပွဲ ကျင်းပမည်

by Homeland Author

မန္တလေးမြို့မှာ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေ ရွတ်ဖတ်ပူဇော်ပွဲ နဲ့ မျိုးဆက်သစ်သျှမ်းနီလူငယ်တွေ သျှမ်းရှေးဟောင်းပုရပိုက်စာပေ သင်ကြားမှုအပြီး သင်တန်းဆင်းပွဲတို့ကို သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

သျှမ်းနီရှေးဟောင်းပုရပိုက်စာပေဟာ သျှမ်းနီတိုင်းရင်းသားတို့ရဲ့ မိခင်စာပေ (Mother Language) ဖြစ်ပြီး မျက်မှောက်ခေတ်ကာလမှာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး အခြေအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သျှမ်းနီရှေးဟောင်းပုရပိုက်စာပေကို လက်ဆင့်ကမ်း သင်ယူတတ်မြောက်မယ့် မျိုးဆက်သစ်သျှမ်းနီလူငယ်တွေ ပေါ်ထွန်းလာရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ရှင်သန်တိုးတက်မြင့်မားရေးအတွက် ၃ လတာ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေသင်ကြားရေးကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မျိုးဆက်သစ်သျှမ်းနီလူငယ် ၈ ဦးကို သျှမ်းရှေးဟောင်းပုရပိုက်စာပေ သင်ကြားပို့ချလျက်ရှိပြီး သျှမ်းနီရေးဟောင်းပုရပိုက် ဗုဒ္ဓစာပေရွတ်ဖတ်ပူဇော်ပွဲမှာ အဆိုပါ သင်တန်းသူ/သင်တန်းသားတို့ ရွတ်ဖတ်ပူဇော်နိုင်ဖို့လည်း စီစဥ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

တိမ်မြုပ်ပျောက်ကွယ်လုနီးပါး အခြေအနေဖြင့် ရင်ဆိုင်ခဲ့ရတဲ့ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေကို သျှမ်းနီရှေးဟောင်းစာဆိုရှင် သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေက လက်ဆင့်ကမ်း လေ့လာသင်ယူ၍ ပြန်လည်ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်းသျှမ်းနီစာဆိုရှင် ဆြာပူစံဖေ (ယခုကွယ်လွန်) ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာ၊ ဆြာပူလူဖေ (ယခုအသက် ၈၂.နှစ်) ဟုမ္မလင်းမြို့နယ်၊ မန်စော်ဆိုင်းရွာ၊ အရှင်သီလာနန္ဒ မောင်းခမ်းရွာ ဟုမ္မလင်းမြို့နယ် အပါအဝင် မျိုးဆက်သစ်သျှမ်းနီလူငယ် ၄ ဦးအား တစ်ကမ္ဘာလုံးရှိ သျှမ်းတိုင်းရင်းသားများ သျှမ်းပုရပိုက်စာပေ စာတမ်းဖတ်ပွဲတွေသို့ တက်ရောက်၍ စာတမ်းဖတ်နိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိမ်မြှုပ်ပျောက်ကွယ်လုနီးပါး အခြေအနေ နဲ့ ရင်ဆိုင်နေရတဲ့ မိမိတို့ရဲ့ မိခင်စာပေဖြစ်တဲ့ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေအဆင့်အတန်းတိုးတက်မြင့်မားလာရေးအတွက် သျှမ်းနီတိုင်းရင်းသားတစ်မျိုးသားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားကြပါတယ်။

related posts

Leave a Comment