ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သို့ ဆရာတော် ရှမ်းနီအလင်းရှင် ဦးဆောင်၍ ရှမ်းနီရှေးဟောင်းစာပေ သင်ကြားရေးအဖွဲ့မှ ဩဂုတ် ၂၉ ရက်နေ့က သွားရောက်၍ လေ့လာခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိမှ ရှေးဟောင်းသျှမ်းနီပုရပိုက်စာပေသင်ကြားမှု နည်းစနစ်တွေကို ခေတ်လူငယ်တွေ သင်ကြားသင်ယူနိုင်မှုရှိလာရေး အကြံပြုခဲ့တယ်လို့ မိန့်ပါတယ်။
ဒါ့အပြင် သျှမ်းပြည်ဗုဒ္ဓတက္ကသိုလ် ကွန်ဖရင့် သို့ တိုင်လျမ် (ရှမ်းနီ) တွေ တက်ရောက် စာတမ်းဖတ်နိုင်ရေး နဲ့ တက္ကသိုလ်သို့ တိုင်းလျမ် (ရှမ်းနီ) သံဃာတွေ၊ လူပုဂ္ဂိုလ်တွေ တက်ရောက်ပညာသင်ယူနိုင်ကြောင်း၊ ရှေးဟောင်းသျှမ်းနီပုရပိုက်စာပေအကြောင်း စာတမ်းပြုစုဖို့ လိုအပ်ကြောင်း၊ ရှေးတုန်းကတိုင်းလျမ်ဓမ္မသတ်ကျမ်းစာတွေကို ဘာသာပြန်ဆိုသင့်လှကြောင်း ဆရာတော်ကြီးမှ သြဝါဒပေးတယ်လို့ သိရပါတယ်။
ဆက်လက်၍ အောက်စဖိုဒ့်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိမှ နှစ်ပေါင်း နှစ်ရာ၊ နှစ်လေးရာကျော်ရှိ ရှေးဟောင်းပုရပိုက်စာလိပ်တွေကို မပျက်စီးအောင် ထိန်းသိမ်းနည်း နဲ့ ရှေးဟောင်းပုရပိုက်စာလိပ်တွေ စကင်ဖတ်ပြီး ကွန်ပျူတာထဲထည့်ထားနည်းတွေကို မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှာ ပါဠိ နဲ့ ဗုဒ္ဓစာပေ၊ သျှမ်းပုရပိုက်စာပေ တို့ကို ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်တန်းတွေအထိ လေ့လာသင်ယူနိုင်ပြီး စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာအတန်းကိုလည်း တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။











