Home ပညာရေး ဆရာမငှားဖို့အတွက် ကျောင်းသားတစ်ယောက်ကို ၅၀၀၀ ကျပ် ကောက်ခံနေ

ဆရာမငှားဖို့အတွက် ကျောင်းသားတစ်ယောက်ကို ၅၀၀၀ ကျပ် ကောက်ခံနေ

by Homeland Author

ရန်ကုန်ရှိ အခြေခံပညာရေးကျောင်းတချို့ကနေပြီး ဆရာ၊ ဆရာမ လုံလောက်မှု မရှိတာကြောင့် ဆရာ၊ ဆရာမ ငှားရမ်းဖို့အတွက် ကျောင်းသားတွေဆီကနေ လစဉ်ကြေး ကောက်ခံနေတယ်လို့ ကျောင်းသားမိဘတွေထံကနေ သိရပါတယ်။

ကျောင်းသားတစ်ယောက်ကို ၅၀၀၀ ကျပ် ကောက်ခံနေပြီး လစဉ် ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။

“ကျောင်းမှာ ဆရာမ မလုံလောက်လို့ ဆရာမငှားဖို့အတွက် ကျောင်းသားတစ်ယောက်ကို ၅၀၀၀ ကောက်မယ်တဲ့ မနေ့က ကလေးတွေကျောင်းက မိဘတွေကို အစည်းအဝေးခေါ်ပြီးပြောတယ်။ အဲဒါ ဒီစာသင်နှစ်တစ်နှစ်လုံး လတိုင်း ပေးရမှာ” လို့ ပြောပါတယ်။

လက်ရှိကာလက ကျောင်းသားမိဘအများစုဟာ စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ကြားကပင် သူတို့ရဲ့ သားသမီးတွေကို ကျောင်းထားနေကြရတာ ဖြစ်ပါတယ်။

တစ်နေ့လုပ်မှ တစ်နေ့စားနေရတဲ့ တချို့သော ကျောင်းသားမိဘတွေအနေနဲ့ ဆရာမငှားရမ်းဖို့ ကောက်ခံတဲ့ လစဉ်ကြေး ၅၀၀၀ ကျပ်ကို ပေးဖို့ အခက်အခဲတွေ ရှိတယ်လို့ ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။

“တစ်ပြိုင်နက်တည်း ဘယ်လိုပေးနိုင်မလဲ၊ တစ်ရက်ချင်းစီ၊ တစ်ယောက်ချင်းစီ ခွဲပေးမှရမယ်။ ကလေးက ၃ ယောက်ရှိတာဆိုတော့။ တစ်ယောက်ကို ၅ ထောင်လေ။ ဒီလအတွက်က ဒီလမကုန်ခင် ပေးရမှာ” လို့ ပြောပါတယ်။

ဒါ့အပြင် မိဘများကို ခေါ်တဲ့ အစည်းအဝေးမှာလည်း ကျောင်းသားတွေကို ကျူရှင်ထားကြဖို့ကိုလည်း ဆရာ၊ ဆရာမတွေက တိုက်တွန်းကြတယ်လို့ ပြောပါတယ်။

စာသင်ခန်းတစ်ခန်းကို ကျောင်းသူ၊ ကျောင်းသား အယောက် ၆၀ နီးပါးလောက်ရှိပြီး အတန်းတစ်တန်းဆိုရင် အခန်း ၅ ခန်း ရှိတာ ဖြစ်ပါတယ်။

related posts

Leave a Comment