ကတူးတိုင်းရင်းသား စာသင်ကြားရေး လက်တွေ့ အကောင်အထည်ဖော်ဖို့ ကတူးသင်ပုန်းကြီးစာအုပ်တွေ ထုတ်ဝေရေး ရန်ပုံငွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ကတူးသင်ပုန်းကြီးစာအုပ် ပုံနှိပ်ထုတ်ဝေဖို့ ရန်ပုံငွေ အနည်းဆုံး သိန်း ၃၀ လိုအပ်နေကြောင်း ကတူးတိုင်းရင်းသား စာရေးဆရာ ကတူးသန်းနိုင်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ပထမအဆင့်အနေနဲ့ ကတူးစာပေပေါ်ပေါက်ရေးအတွက် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး လက်ရှိမှာ ကတူးစာပေသင်ကြားရေး စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကတူးစာပေကို အင်တာနက်ပေါ်ကနေ Zoom နဲ့ စတင် စမ်းသပ်သင်ကြားခဲ့ပြီး အထိုက်အလျောက် အောင်မြင်ခဲ့ကြောင်း ပြီးခဲ့တဲ့လမှာ လုံခြုံရေးစိုးရိမ်ရတဲ့ကြားက မြေပြင်ကွင်းဆင်းပြီး ကတူးစာသင်ကြားရေးကို လက်တွေ့ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
ကတူးစာသင်ကြားရေးကော်မတီတွေ ထပ်မံဆင့်ပွားဖွဲ့စည်းပြီး သင်ကြားရေးတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဦးဆောင်ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းတာဝန်ပေးထားကြောင်း ဒေသငြိမ်းချမ်းမှုအခြေအနေကို ကြည့်ပြီး ကတူးစာသင်ကြားရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
သို့သော်လည်း ကတူးစာသင်ကြားရေးအတွက် အခုလတ်တလော လိုအပ်နေသည့် ကတူးစာသင်ပုန်းကြီးစာအုပ်တွေ ဖြစ်ပြီး သင်ရိုးစာအုပ်တွေ ရှိမှသာ သင်ကြားရေးကို လက်တွေ့ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကတူးစာပေအတွက် ရန်ပုံငွေ လှူဒါန်းလိုသူတွေအနေဖြင့် စာရေးဆရာ ကတူးသန်းထံ ဆက်သွယ်နိုင်ပြီး ရန်ပုံငွေကို ကတူးရဟန်းတော်များအဖွဲ့၊ ကတူးလူငယ်များအဖွဲ့ချုပ်နဲ့ ကတူးစာသင်ကြားရေး ဦးဆောင်ကော်မတီတို့က ပူးတွဲကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


