Home » ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ PCB တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ PCB တောင်းဆို

by Homeland Author

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) က တောင်းဆိုပါတယ်။

အဲဒီ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဋ္ဌ စိုင်းညွှန့်လွင်၊ ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေး၊ တခြားသော နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တွေ စတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

လူငယ်တွေနဲ့ မိဘပြည်သူတွေအကြား စိုးရိမ်ပူပန်နေရခြင်း ကင်းဝေးစေဖို့နဲ့ လူသားအရင်းအမြစ်တွေ မဆုံးရှုံးစေဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးက အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းနဲ့ စစ်မှုထမ်းစေခြင်း မပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံသားတို့ရဲ့ မူလရပိုင်ခွင့်တွေဖြစ်တဲ့ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်နဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်တို့ကို သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံးက အသိအမှတ်ပြု အာမခံရန် PCB က ပြောပါတယ်။

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဖြေရှင်းဖို့အတွက် ပဋိပက္ခနဲ့သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး PCB ရဲ့ ဒီနေ့ မတ်လ ၃၁ ရက် သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PCB အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ပဋိပက္ခများဖြေရှင်းဖို့အတွက် ပဋိပက္ခနဲ့ သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မယ့် မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စသဖြင့် သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ထို့အတူ အရပ်သားပြည်သူတွေ သေကျေပျက်စီး ထိခိုက်နစ်နာစေမယ့် စစ်ရေးဆောင်ရွက်ချက်တွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘာသာရေး၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့ အဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်တာတွေကို ဘက်အသီးသီးက ရှောင်ရှားဖို့လည်း တောင်းဆိုထားပါတယ်။

ပြည်ပသို့ ရောက်ရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစတဲ့ အင်အားစုအသီးသီးနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒဖြင့် ဌာနေသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်ရေး အခင်းအကျင်းကို ဖော်ဆောင်ပေးရန် ပြောကြားပါတယ်။

တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည်တဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်နိုင်ရေး ကြိုးပမ်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

related posts

Leave a Comment