တတိယအကြိမ် အမျိုးသားလွှတ်တော်ရဲ့ သဘာပတိအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် ၅ ဒေါ်ဒွဲဘူ ကို သဘာပတိအဖြစ် တင်မြှောက်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်သဘာပတိအဖြစ် ဒေါ်ဒွဲဘူရဲ့ အမည်စာရင်း တစောင်သာ တင်သွင်းခဲ့တာကြောင့် အခုလို သဘာပတိအဖြစ် တင်မြှောက်ခံရခြင်းဖြစ်ကြောင်း၊ သဘာပတိအဖြစ် တင်မြှောက်ခံရတာကြောင့် ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
ကချင်အမျိုးသမီးတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေဒေါ်ဒွဲဘူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနှိမ့်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြည်လည်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့အတွင်း ဒေါ်ဒွဲဘူ ပါဝင်လာခဲ့ပါတယ်။
စစ်ကော်မရှင်အဖွဲ့ဝင် ဒေါ်ဒွဲဘူ အပါအဝင် ပုဂ္ဂိုလ် အများအပြားဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ဆိုကာ ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်အုပ်စုက ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ဒေါ်ဒွဲဘူဟာ ကချင်ပြည်နယ်မှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ဒီနေ့ မတ်လ ၁၈ ရက်မှာ စတင်ကျင်းပနေတာဖြစ်ပြီး ကချင်အမျိုးသမီး ဒေါ်ဒွဲဘူ သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခံရတာပဲ ဖြစ်ပါတယ်။