Home » နမ့်ဖက်ကာမှာ ညမထွက်ဖို့ KIA အမိန့်ထုတ်

နမ့်ဖက်ကာမှာ ညမထွက်ဖို့ KIA အမိန့်ထုတ်

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အုပ်ချုပ်နယ်မြေအတွင်းမှာ ည ၈ နာရီမှစ၍ အပြင်လုံးဝ မထွက်ဖို့ KIA က မတ်လ ၁၆ ရက် ရက်စွဲဖြင့် အမိန့်ညွှန်ကြားစာ ထုတ်ပြန်လိုက်ပါတယ်။

လတ်တလောအချိန်အတွင်း ပြည်သူတွေအနေဖြင့် ခရီးဝေးထွက်ခြင်း၊ လယ်ယာ နဲ့ တောင်ယာတွေကို သွားလာခြင်း မပြုလုပ်ဖို့လည်း ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

ထို့အတူ ပြည်သူတွေအနေဖြင့် စစ်ဝတ်စုံဝတ်ဆင်ပြီး သွားလာခြင်း မပြုလုပ်ဖို့၊ ပြည်သူတွေ ဖျားနာပြီး အရေးပေါ်သွားလာဖို့ လိုအပ်လာပါက KIA အုပ်ချုပ်ရေးရုံးသို့ အချိန်မှီ သတင်းပို့ပြီးမှသာ သွားလာဖို့ ဆိုပါတယ်။

ဒါ့အပြင် KIA အုပ်ချုပ်မှုအောက်ရှိ နမ့်ဖက်ကာဒေသမှာ အိမ်တိုင်းအိမ်တိုင်း ကတုတ်ကျင်းတွေ တူး၍ သတိပြုနေထိုင်ဖို့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မိမိရဲ့ ရပ်ကွက်အတွင်း ထူးခြားမှုဖြစ်စဉ်တွေ ဖြစ်ပေါ်လာပါက KIA ရုံးထံ အချိန်မှီ သတင်းပေးပို့ဖို့လည်း ပြောပါတယ်။

လက်ရှိမှာ ပြည်ထောင်စုလမ်းမပေါ်ရှိ KIA ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖိအားပေးလာတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကစ၍ တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAA က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မန္တလေး – လားရှိုး– မူဆယ် ပြည်ထောင်စုလမ်းမကြီး ပြန်လည်ဖွင့်လိုက်တယ်လို့ သိရပါတယ်။

related posts

Leave a Comment