Home နိုင်ငံရေး ထိန်းချုပ်နယ်မြေတွေ ပြန်မဆုံးရှုံးစေဖို့ အားလုံးမှာ တာဝန်ရှိဟု ချင်းအမျိုးသားနေ့သို့ AA သဝဏ်လွှာပို့

ထိန်းချုပ်နယ်မြေတွေ ပြန်မဆုံးရှုံးစေဖို့ အားလုံးမှာ တာဝန်ရှိဟု ချင်းအမျိုးသားနေ့သို့ AA သဝဏ်လွှာပို့

by Homeland Author

အာရက္ခတပ်တော် (ULA/AA) ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှ စတင်ခဲ့တဲ့ စစ်ဆင်ရေးရလဒ်တွေ၊ အောင်မြင်မှုအသီးသီးအပွင့်တွေဟာ အာရက္ခဒေသ အတွင်း၊ အပြင်နဲ့ အိမ်နီးနားချင်းရှိ လူမျိုးပေါင်းစုံအသီးသီးတို့အနေဖြင့်လည်း စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်မှုနဲ့အတူ လွတ်လပ်တဲ့ဒေသ၊ လွတ်လပ်တဲ့ လူမျိုးတွေအဖြစ်သို့ ရောက်ရှိလာခဲ့ပြီလို့ ပြောပါတယ်။

အခုလို အခြေအနေကောင်းဆီ ရောက်ရှိလာစေဖို့အတွက် အာရက္ခအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို မိမိတို့ဟာ အာရက္ခအချုပ်အခြာအာဏာ ကျဆုံးပြီးကတည်းကပင် ယနေ့အချိန်အထိ မဆုတ်မနစ်သော ဇွဲလုံ့လအပြည့်ဖြင့် မရပ်မနား ဆက်တိုက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် အကျိုးရလဒ်များပင်ဖြစ်တယ်လို့ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အဲဒီကိစ္စရပ်ကို သိနားလည်ပြီး လက်ရှိရရှိထားပြီးသော လွတ်လပ်မှုတွေ ပြန်လည်မဆုံးရှုံးသွားစေဖို့ မိမိတို့အားလုံးမှာ တာဝန်ရှိကြတယ်ဆိုတဲ့ အသိတရားတွေနဲ့အတူ အားလုံး စုပေါင်းကာကွယ်ကြရမှာ ဖြစ်တယ်လို့ ULA/AA က ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ကာလတွေမှာ မိမိတို့ရဲ့ လူမျိုးအသီးသီးတို့ဟာ ၎င်းတို့ရဲ့ အမျိုးသားနေ့ပွဲတော်တွေကို စစ်အာဏာရှင်တို့ရဲ့ လက်အောက်မှာ အနှစ်သာရပြည့်ဝစွာ ကျင်းပခွင့် ကင်းမဲ့ခဲ့ကြရတယ်လို့ ULA/AA က ပြောပါတယ်။

သို့သော်လည်း ရခိုင်ဒေသအတွင်းမှ မြို့အများစုကို AA မှ အလုံးစုံ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက်မှာ အာရက္ခဒေသအတွင်းနေ လူမျိုးအသီးသီးဟာ မိမိတို့ရဲ့ အမျိုးသားနေ့ အခမ်းအနားကို ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပခွင့်ရရှိတဲ့ အခါသမယသို့ ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

AA အနေနဲ့ မိမိတို့ဒေသအတွင်းနေ လူမျိုးအသီးသီးရဲ့ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာစကား၊ အမျိုးသားရေးဆိုင်ရာ လက္ခဏာရပ်တွေအပေါ် တန်ဖိုးထားပြီး လူမျိုးအသီးသီးရဲ့ အမျိုးသားနေ့ဆိုင်ရာပွဲတွေ၊ ရိုးရာပွဲလမ်းသဘင်တွေကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအခြေအနေတွေအပေါ်မူတည်၍ ကျင်းပခွင့်ပြုထားတယ်လို့ ပြောပါတယ်။

ရခိုင်ဒေသအတွင်းနဲ့ အပြင်ဘက်မှာ နေထိုင်ကြတဲ့ ချင်းလူမျိုးအပါအဝင် အခြားသောမျိုးနွယ်စု လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပင် ဤဒေသနဲ့အတူ ရှည်လျားသောသမိုင်းကြောင်း၊ ပြောင်းလဲ၍မရသော ပထဝီမြေ တည်ရှိမှုအနေအထားတို့အောက်မှာ အတူတကွ မှီတင်းနေထိုင်ခဲ့ကြသော “အာရက္ခညီအစ်ကို မောင်နှမရင်းချာများ” နဲ့ “အိမ်နီးနားချင်း ညီအစ်ကိုမောင်နှမများ” ပင် ဖြစ်တယ်လို့ ပြောပါတယ်။

သို့သော်လည်း မိမိတို့လူမျိုးအသီးသီးအပါအဝင် အခြားသောလူမျိုး၊ မျိုးနွယ်စုတွေဟာ စစ်အာဏာရှင်အစိုးရ အသီးသီးရဲ့ စနစ်တကျ သွေးခွဲအုပ်ချုပ်မှုအောက်မှာ တစ်မြေတည်းထဲမှာ အိမ်နီးနားချင်း အတူယှဉ်တွဲနေထိုင်ခဲ့ကြသော်လည်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်တွေ ပျောက်ကွယ်ခဲ့ရပြီး လူမျိုးနှစ်ခုအကြား နှစ်ဖက်ဆက်ဆံရေး အေးခဲကာ ရန်သူအလိုကျ ဖြစ်နေခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသ၊ အိမ်နီးချင်း နဲ့ မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုတွေအနေဖြင့်လည်း မိမိတို့ အချင်းချင်းအကြား ရရှိပြီးသား ချစ်ခင်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုများကို တန်ဖိုးထားကာ “ချင်း” နဲ့ “ရခိုင်” လူမျိုး နှစ်မျိုးအကြား သမိုင်းသစ်တစ်ခုရေးထိုးဖို့လည်း AA က ပြောပါတယ်။

ဒီနေ့ကျရောက်သော ချင်းအမျိုးသားနေ့အခမ်းအနားဟာ ချင်းလူမျိုးတွေ၊ ချင်းမျိုးနွယ်စုတွေအနေဖြင့် အမျိုးသားတန်းတူရေးနဲ့အတူ အာရက္ခတိုင်းပြည်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကဏ္ဍတွေမှာ အတူတကွ ပါဝင်တည်ဆောက်သွားကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့မှအပ ကျန်မြို့၁၄ မြို့ နဲ့ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

related posts

Leave a Comment