သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ရဲ့ စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက်မှာ တက်ရောက်လာကြတဲ့ ပုဂ္ဂိလ်တွေက ဗိုလ်ချုပ်ကြီး ယွက်စစ်ကို RCSS ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်တင်မြောက်ခဲ့တယ်လို့ သိရပါတယ်။
RCSS ရဲ့ အကြံပေးအဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဗဟိုဦးစီးကော်မတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ နဲ့ ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်တွေ စုစုပေါင်း (၂၁၇) ဦး တက်ရောက်တဲ့ RCSS ရဲ့ (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆-၁၇) ရက်မှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အလားတူ စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ရက်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
၂၆ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးရဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်တွေကို ဌာနအသီးသီးက အစီရင်ခံစာတင်ပြပြီး အစည်းအဝေး အစည်းအဝေးတက်ရောက်တဲ့ ပုဂ္ဂိုလ်တွေက အဖွဲ့အစည်းအတွင်း လုပ်ငန်းတွေ၊ နိုင်ငံရေး နဲ့ စစ်ရေးအခြေအနေတွေကို ကျယ်ပြန့်စွာ သုံးသပ်ဆွေးနွေးခဲ့သလို စတုတ္ထအကြိမ် ကောင်စီကွန်ရက်မှာ ပြီးခဲ့တဲ့ လေးနှစ်တာ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် က တင်ပြအစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။
စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ရက်မှာ တက်ရောက်သည့်ပုဂ္ဂိုလ်တွေက ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ပြီး အကြံပေးအဖွဲ့ဝင် (၂) ဦး၊ ပေါ်လစီကြီးကြပ်ရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဌာနအသီးသီးရဲ့ ဌာနမှူးတွေကို ရွေးချယ်အတည်ပြုပေးခဲ့ပါတယ်။ အလားတူ လာမယ့် (၄) နှစ်တာ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
RCSS ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရပ်တည်၍ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် အခြားအဖွဲ့အစည်း အဖက်ဖက်တို့ နဲ့ တွေ့ဆုံညှိနှိုင်းဖြေရှင်း သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မိမိတို့ အဖွဲ့အစည်းဟာ ပထမအကြိမ် သျှမ်းပြည်အမျိုးသားညီလာခံမှ အတည်ပြုခဲ့တဲ့ သျှမ်းပြည် ဖက်ဒရယ်အခြေခံမူ (၃၃) ချက်၊ အခြေခံအခွင့်အရေး (၃၈) ချက် တို့ကို ထောက်ခံပြီး အကောင်အထည်ဖော်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဘေးဒဏ်ခံ ပြည်သူတွေ နေထိုင်ဖို့ အိမ်ရာတွေကို မိမိတို့အဖွဲ့အစည်းမှ ကူညီဆောက်လုပ်ပေးမှာဖြစ်ကြောင်း၊ အဖွဲ့အစည်းရဲ့ ပေါ်လစီနဲ့အညီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။