ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးထားတဲ့ ဝမ်စယ်ပြည်သူ ၅ ဦးကို ချက်ချင်းလွှတ်ပေးဖို့ သျှမ်းအရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ MNDAA တပ်ဖွဲ့က ဝမ်စယ်ကျေးရွာက ဒေသခံတွေရဲ့ သဘောတူညီမှုမရှိဘဲ လယ်ယာမြေတွေပေါ်မှာ ရွှေတူးဖို့ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်လာတာကြောင့် ဒေသခံတွေက MNDAA တပ်ဖွဲ့ကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် ဝမ်စယ်ပြည်သူ ၃၆ ဦးကို ဖမ်းဆီးပြီး ၃၁ ဦးကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ၅ ဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရှိရပြီး ၎င်းတို့ရဲ့ အသက်အန္တရာယ် နဲ့ ကျန်းမာရေးကို အလွန်စိုးရိမ်မိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်တဲ့ ကာလမှာ လုံခြုံရေးလိုအပ်ချက်အရ အရပ်သားပြည်သူတွေကို ခေါ်ယူမေးမြန်းနိုင်တယ်လို့ ဆိုသော်လည်း ပြည်သူလူထုကို မိမိတို့ဒေသအကျိုးစီးပွားအလို့ငှါ ဆန္ဒဖော်ထုတ်ကြတာကို နှောင့်ယှက်ဟန့်တားရုံးမက မတရားအဓမ္မ ရိုက်နှက်ဖမ်းဆီးချုပ်နှောင်ခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း ဆိုပါတယ်။
သျှမ်းပြည်ရဲ့ အချုပ်အခြာအာဏာကို အမှန်တကယ်ပိုင်စိုးသည်မှာ သျှမ်းပြည်သားတွေ ကိုယ်တိုင်ဖြစ်တာကို သတိပြုစေလိုတယ်လို့ ပြောပါတယ်။
သျှမ်းပြည်သားချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို အရှည်သဖြင့် မျှော်တွေး၍ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်တဲ့ ဝမ်စယ်ပြည်သူ ၅ ဦးကို ချွင်းချက်မရှိ အခုချက်ချင်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုတယ်လို့ ပြောပါတယ်။
MNDAA က ဖမ်းဆီးထားတဲ့ ဝမ်စယ်ပြည်သူ ၅ ဦး ချက်ချင်း ပြန်မလွှတ်လျှင်သော်လည်းကောင်း၊ အဲဒီ ပြည်သူတွေ ထိခိုက်မှု တစုံတရာဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ အခုဖြစ်စဉ်တွေလို နောင်မှာ ဆက်ဖြစ်လာခဲလျှင်သော်လည်းကောင်း၊ မဖြစ်သင့်တဲ့ နောက်ဆက်တွဲ လူမျိုးရေးပဋိပက္ခတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်မိကြောင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှသာ လူထုတို့ လိုလားတဲ့ ဖွံ့ဖြိုးအေးချမ်းတဲ့ ပြည်ထောင်စုတခုကို အတူတည်ဆောက်နေထိုင်မယ်လို့ အကြံပြုထားပါတယ်။
MNDAA ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့၊ လူထုကို စစ်တပ်ကနေ အကာကွယ်ပေးဖို့၊ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာ ပါဝင်ခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းက အချက်အခြာကျတဲ့ မြို့အချို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။