နေပြည်တော်အစိုးရ အနေဖြင့် NUG နဲ့ စကားပြောဆိုဖို့ ဆန္ဒရှိ၊ မရှိ ကို ပွင့်လင်းစွာ မေးမြန်းထားတယ်လို့ ကချင်လွတ်မြောက်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောပါတယ်။
မိမိတို့ KIA/KIO အနေဖြင့် နေပြည်တော်အစိုးရနဲ့ တဖွဲ့ချင်း စကားပြော၍ မပြီးနိုင်ကြောင်း မနေ့က ဖေဖော်ဝါရီ ၈ ရက် က အမေရိကန်နိုင်ငံ၊ တက္ကဆက် ပြည်နယ်မှာ ကျင်းပတဲ့ (၆၅) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ အွန်လိုင်းမှ မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က “နေပြည်တော်အစိုးရကို ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တဖွဲ့တည်းနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ နေပြည်တော်ဟာ NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးထားပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာလည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ရာမှာ အရင်းအနှီးများမယ်ဆိုတာကို သိသော်လည်း လိုအပ်၍ တိုက်နေတာဖြစ်ကြောင်း၊ KIA အဖွဲ့ဟာ ကချင်ဒေသတခုလုံး ကာကွယ်ရေး၊ လုံခြုံရေးကို တခြားအင်အားစုတွေ နဲ့ တိုက်ပွဲဖော်ဆောင်နေကြောင်း ၎င်းက ဆက်ပြောပါတယ်။
ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “နေရာအသီးသီးမှာ အတူတကွ တိုက်ပွဲ ဝင်နေတယ်။ အတူတကွ အောင်ပွဲ ခံနေတယ်၊ အတူတကွ အာဇာနည်အဖြစ် ရောက်ရှိတဲ့အနေအထားတွေ ဖြစ်တယ်။ ဗန်းဗော်တိုက်ပွဲဟာ နိုင်ငံရေး သိက္ခာတိုက်ပွဲ ဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဗန်းမော်ကို တိုက်နေတာ ၁ နှစ်ကျော်သွားပြီ။ ဒီလိုကြာမယ် အရင်းအနှီးများမယ် ဆိုတာ ကျနော်တို့ သိသော်လည်း လိုအပ်လို့ တိုက်နေတာပါ” လို့ ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ကြီးနားလေတပ်စခန်းမှ ရေဒါတခုကို ဖျက်ဆီးနိုင်ခဲ့သလို၊ ဗန်းမော်ဘက်မှာလည်း တင့်ကားတွေ ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။
လက်ရှိမှာ KIA/KIO အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း တိုက်ပွဲဖော်ဆောင်နေသလို မိမိတို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းမှာ ရန်သူကို စောင့်ရမယ်လို့လည်း ပြောပါတယ်။
ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “တရုတ်အစိုးရက တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောတယ်။ ကျနော်တို့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ရမှာ ဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ကျနော်တို့က ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကချင်ပြည်က တံခါးပေါက် လုံခြုံရေးတော့ သေချာပေါက် လုပ်ရမယ်လို့” ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက လုံခြုံရေးအရ အရေးပါတဲ့ (က) သုံးလုံးဖြစ်တဲ့ ကောလင်း၊ ကသာ၊ ကန့်ဘလူ နယ်မြေတွေမှာ အခြေခံနယ်မြေရရှိရေး ရည်မှန်းချက်ထားရှိတယ်လို့လည်း ဆိုပါတယ်။
KIA/KIO အနေဖြင့်၂၀၂၆ ခုနှစ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ဖို့ မျှော်မှန်း၍ လုပ်ဆောင်နေကြောင်း၊ တရုတ်မှ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောဆိုပေမယ့် မဖြစ်မနေ တိုက်ပွဲဖော်ဆောင်နေရတဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
မနေ့က ဇန်နဝါရီ ၈ ရက်နေ့မှာ KIA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ကို စစ်တပ် နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တို့က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။