Home နိုင်ငံရေး ကဒူးအမျိုးသားဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့ဟု ဆို

ကဒူးအမျိုးသားဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့ဟု ဆို

by Homeland Author

ကဒူးတိုင်းရင်းသားတွေ စုပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကဒူးတိုင်းရင်းသားညီလာခံကို ကျင်းပပြီး ကဒူးအမျိုးသားဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

ဒုတိယအကြိမ်မြှောက် ကဒူးတိုင်းရင်းသားညီလာခံကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉၊ ၃၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဲဒီ ညီလာခံကို ဗန်းမောက်အနောက်ပိုင်းရှိ ကဒူးကျေးရွာ ၁၂ ရွာ နဲ့ ကသာမြို့နယ်မှ ကဒူးကျေးရွာတွေ တက်ရောက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

သို့သော်လည်း အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်မှ ကိုယ်စားလှယ် ၁၅၀ ကျော် တက်ရောက်ခဲ့ကြသလို တော်လှန်ရေးအင်အားစုအချို့ တက်ရောက်ခဲ့ကြတာကိုလည်း ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။ အဲဒီနောက် ကဒူးတိုင်းရင်းသားတွေရဲ့ “ကဒူးအမျိုးသားဖွဲ့စည်းပုံ” ကို အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီညီလာခံနဲ့ပတ်သက်၍ ကဒူးစာရေးဆရာဖြစ်တဲ့ ကဒူးသန်းနိုင်က “ကြိုတင်အသိပေးခြင်း၊ ဖိတ်ကြားခြင်း မရှိသလို တက်ရောက်ခြင်းလည်း မပြုခဲ့ပါ။ ဆွေးနွေးချက်၊ အတည်ပြုချက်တွေကိုလည်း ဘာမျှ မသိရသည့်အတွက် ကျွန်တော်နဲ့ လုံးဝ မသက်ဆိုင်ကြောင်း သိစေအပ်ပါသည်။” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ကဒူးတိုင်းရင်းသားညီလာခံမှာ ရှေ့ဆက်ဆောင်ရွက်မယ့် အမျိုးသားရေးလုပ်ငန်းစဉ်တွေ၊ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကဒူးတိုင်းရင်းသားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး တို့မှာ ရှမ်းနီလူမျိုးတွေနဲ့ ယှဉ်တွဲနေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

related posts

Leave a Comment