Home နိုင်ငံရေး သီပေါမှာ စစ်တပ်နဲ့ MNDAA က ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပစ္စည်းလုယူခြင်း ကျူးလွန်ဟု ပြော

သီပေါမှာ စစ်တပ်နဲ့ MNDAA က ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပစ္စည်းလုယူခြင်း ကျူးလွန်ဟု ပြော

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်တပ် နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့တို့က ဒေသခံပြည်သူတွေအပေါ်နှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း ပစ္စည်းလုယူခြင်းများကျူးလွန်ခဲ့တယ်လို့ သျှမ်းကျောင်းသားသမဂ္ဂ (TSU) ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း သီပေါမြို့နယ် မန်ပန်းကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိနေတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတစ်ခုမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်အတွင်းသို့ အဓမ္မဝင်ရောက်ကာ အိမ်မွေးတိရာစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ခြင်း၊ ဆိုင်တွေအတွင်းမှ ပစ္စည်းတွေကို လုယူခြင်း၊ မော်တော်ယာဥ်တွေ လုယူစီးနင်းခြင်း၊ ရွှေအပါအဝင်တန်ဖိုးကြီးပစ္စည်းတွေကို အဓမ္မယူဆောင်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပိန်းညောင်ကျေးရွာမှ အမျိုးသား ၁ ဦးကို ဖမ်းဆီးရိုက်နှက်ခြင်း၊ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးကာ ကားသိမ်းယူခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အဲဲဒီကျေးရွာများအတွင်း ပြည်သူလူထုရဲ့ ပစ္စည်းတွေကို လုယူခြင်း၊ ရိုက်နှက်ခြင်းတွေ ပြုလုပ်နေကြောင်း ပြောပါတယ်။

၂၀၂၆ ဇန်နဝါရီလ ၂၉ ရက်နေ့မှာလည်း သီပေါမြို့နယ် ပန်မြိုင်းကျေးရွာအနီးမှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားတဲ့ MNDAA တပ်ဖွဲ့ဟာ ကျေးရွာအပြင်ဘက်ရှိ တောင်ယာသို့သွားသည့် ပြည်သူဖြစ်တဲ့ လုံးပန်ကို ဖမ်းဆီးရိုက်နှက်ခဲ့ရာ နေအိမ်သို့ပြန်ရောက်ပြီးနောက်တွင် ရိုက်နှက်ခံရသောဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာကိုလုယူခြင်း၊ ပြည်သူတွေကို ရိုက်နှက်သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်ကျူးလွန်ခြင်းဖြစ်ပြီး သျှမ်းကျောင်းသားသမဂ္ဂမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း သျှမ်းမြောက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ စစ်တပ် နဲ့ MNDAA တို့ဟာ လက်ရှိမှာ အပစ်အခတ်ရပ်စဲထားကြတာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment