အရပ်ဖက်အဖွဲ့အစည်းတွေ နဲ့ နာဂပြည်သူတွေအပေါ် နာဂလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်အားကိုးခြိမ်းခြောက်ခြင်း၊ ညင်းပန်နှိပ်စက်ခြင်း သို့မဟုတ် အဲဒီလို အဓိပ္ပာယ်သက်ရောက်တဲ့ အပြုအမှုတွေအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံချတယ်လို့ နာဂရိုးရာစာပေ နှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့က ထုတ်ပြန်ပါတယ်။
နာဂလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) ဟာ အရပ်ဖက်အဖွဲ့အစည်းများ (CSO) နဲ့ ပုဂ္ဂိုလ်တဦးတယောက်မျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟူသော အမိန့်အာဏာထုတ်ပြန်ခြင်း နဲ့ မလိုက်နာပါက အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေဟာ လွန်စာ စိုးရိမ်ဖွယ်ကောင်းတယ်လို့ ဆိုပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN/GPRN-AM အဖွဲ့မှ ဗိုလ်မှူးကြီး အန်လူ လက်မှတ်ဖြင့် ဇန်နဝါရီ ၂၄ ရက်စွဲပါ စာတစောင်ထုတ်ပြန်လာပြီး အဆိုပါ ထုတ်ပြန်ချက်စာပါ အပိုဒ် (၄) ဟာ နာဂလူမျိုးအဖွဲ့အစည်း (CSO) နဲ့ နာဂလူမျိုးတွေရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေးတို့အတွက် စိုးရိမ်ပူပန်မိကြောင်း နာဂရိုးရာစာပေ နှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့က ဆိုပါတယ်။
နာဂပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ကို ဖျက်ဆီးတာ၊ ထိခိုက်နစ်နာအောင် လုပ်ဆောင်တာတို့ကို ပြင်းထန်စွာကန့်ကွက်ရှုံချတယ်လို့လည်း ပြောပါတယ်။
နာဂလက်နက်ကိုင်အချင်းချင်းကြား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို စစ်ရေးနည်းဖြင့် မဟုတ်ဘဲ စကားဝိုင်းဆွေးနွေးမှုတွေနဲ့ အဖြေရှာဖွေမှုကို အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့ နိုးဆော်တယ်လို့ ဆိုပါတယ်။
နာဂလူမျိုးတွေ အချင်းချင်းကြားသော်လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်းကြားသော်လည်းကောင်း၊ ပြည်သူအချင်းချင်းကြားသော်လည်းကောင်း စိတ်ဝမ်းကွဲကာ ရေရှည်အကျိုးပျက်စီးစေမယ့် ဘယ်လုပ်ဆောင်ချက်ကိုမှ မပြုလုပ်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
နာဂပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံအေးချမ်းရေး နဲ့ ဂုဏ်သိက္ခာကို ဘယ်နာဂလက်နက်ကိုင်အဖွဲ့အစည်းမှ ထိခိုက်စော်ကားခွင့် မရှိဘူးလို့ နာဂရိုးရာစာပေ နှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နာဂလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှု ပိုမိုဖြစ်ပေါ်လာနေတယ်လို့ သိရပါတယ်။
နာဂတပ်ဖွဲ့ NSCN-K/YA အဖွဲ့အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေအားလုံး တာဝန်မှ ချက်ချင်းနုတ်ထွက်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်း နေအိမ်သို့ ပြန်လာကြဖို့ ညွှန်ကြားကြောင်း၊ လိုက်နာဖို့ ပျက်ကွက်ပါက တမင်တကာ ဖီဆန်ခြင်းဟု မှတ်ယူကာ ထိုက်သင့်သလို အရေးယူဆောင်ရွက်သွားမယ်လို့ NSCN-K/AM အဖွဲ့က ထုတ်ပြန်ထားပါတယ်။