စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး အနိုင်ရရှိခဲ့တယ်လို့ TNDP မှ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ အပိုင်း (၃) ပိုင်းခွဲ၍ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ရွေးကောက်ပွဲကို ရှမ်းနီ (ကျားနီ) ပါတီမှ ကချင်ပြည်နယ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ရွေးကောက်ပွဲအတွင်း နိုင်သူအကုန်ယူစနစ် (FPTP) မှာ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) အမျိုးသားလွတ်တော်မှာ ၁ ဦး၊ ပြည်နယ်လွှတ်တော်မှာ ၂ ဦး ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ယုံကြည်အားကိုးစွာ ဆန္ဒမဲပေးခဲ့ကြတဲ့ ပြည်သူတွေ အောင်နိုင်ရေးအတွက် ငွေကြေး နဲ့ ပစ္စည်း ပံ့ပိုးကူညီခဲ့ကြတဲ့ အလှူရှင်တွေ၊ အောင်နိုင်ရေးသီချင်းတွေကို မေတ္တာဖြင့် ပေးပို့ပြီး သီချင်းရိုက်ကူးရေးမှာ ပါဝင်ကူညီကြတဲ့ ရှမ်းနီရိုးရာလူငယ်မောင်မယ်အဖွဲ့တွေ နဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေကို အလေးအနက်ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။
ထို့အတူ ရှမ်းနီ (ကျားနီ) ပါတီမှ ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်တွင်း/ပြင်ပတွေမှနေ၍ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။