Home နိုင်ငံရေး တအာင်းတော်လှန်ရေးနေ့မှာ TNLA စစ်အင်အားပြ

တအာင်းတော်လှန်ရေးနေ့မှာ TNLA စစ်အင်အားပြ

by Homeland Author

တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ တအာင်းတပ် (TNLA) က လေယာဥ်ပစ် သေနတ်၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် စစ်အင်အားအများအပြားကို ထုတ်ပြခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၆၃) နှစ်ပြည့်အခမ်းအနားကို မန်တုံမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး TNLA မှ စစ်အင်အား ၁၅၀၀ ကျော်နဲ့ စစ်ကြောင်း ၁၅ ကြောင်း ခွဲကာ စစ်ရေးပြ ချီတက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အခမ်းအနားကို TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် တားခူလန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်တို့ တက်ရောက်ခဲ့ကြပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲကာလအတွင်း အသက်ပေးလှူခဲ့ကြတဲ့ TNLA တပ်မဟာမှူးတွေဖြစ်ကြတဲ့ တားရောဘတ်၊ တားညီလတ် နဲ့ တားညီဆမ်တို့ကို သူရဘွဲ့ဆုတွေ ချီးမြှင့်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

တအာင်းအမျိုးသားတော်လှန်ရေးကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ပလောင်အမျိုးသားတပ်ဦး (PNF) မှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ မန်တုံမြို့ အားကစားဘောလုံးကွင်းမှာ PSLO/PSLA အဖွဲ့မှ စစ်အစိုးရရဲ့ လက်နက်ဖြုတ်သိမ်းမှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် တအာင်းလူငယ်တွေက ပြန်လည်၍ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို (TNLA) ကို ဖွဲ့စည်းခဲ့ကာ လက်ရှိမှာ အင်အားအများအပြား တည်ဆောက်ထားနိုင်ကြောင်း သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ နဲ့ မိုင်းငေါ့မြို့တွေကို TNLA က သိမ်းပိုက်ထားပြီး လက်ရှိမှာ စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားပါတယ်။

related posts

Leave a Comment