စစ်တပ်အနေနဲ့ နယ်မြေရှင်းလင်းရေးစီမံချက်တွေ အမြန်ဆုံး အဆုံးသတ်စေရေး အပါအဝင် ဒေသခံ ပြည်သူတွေ ထိခိုက်မှု မရှိစေရေး အထူးသတိထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ပြောပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ညက သီပေါမြို့နယ် နမ့်စောင်ချောင်း တောတွင်းတနေရာမှာ စစ်တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာမှ တရားမဝင်လုပ်ငန်းလုပ်ဆောင်နေတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တခု (စိစစ်ဆဲ) နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာလည်း သီပေါမြို့နယ်အတွင်းရှိ နမ့်ကုံးကျေးရွာအနီး၊ ဟိုင်းဆိုင်ကျေးရွာ နဲ့ နားပျန်ကျေးရွာအနီးတို့မှာ စစ်တပ်က တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း SSPP က ပြောပါတယ်။
အဲဒီ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု၊ ပစ်ခတ်တိုက်ခိုက်မှု နဲ့ တရားမဝင် လုပ်ငန်းလုပ်ဆောင်တဲ့ အဖွဲ့တွေဟာ မိမိတို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ပါဝင်ပတ်သက်ခြင်း လုံးဝမရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။
SSPP အနေနဲ့ တရားမဝင်လုပ်ငန်းတွေ မရှိစေရေးအတွက် တားမြစ်ကြေညာချက်တွေ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ တရားမဝင်လုပ်ငန်းကိစ္စ နဲ့ ပါဝင်ပတ်သက်သူတွေကိုလည်း စိစစ်အရေးယူသွားမယ်လို့ ဆိုပါတယ်။
စစ်တပ်အနေနဲ့ နယ်မြေရှင်းလင်းရေးစီမံချက်တွေ အမြန်ဆုံး အဆုံးသတ်စေရေး၊ ဒေသခံပြည်သူလူထုတွေ ထိခိုက်မှုမရှိစေရေးအပါအဝင် ဒေသတည်ငြိမ်အေးချမ်းရေး၊ လက်ရှိ ငြိမ်းချမ်းရေး မထိခိုက်စေရေး၊ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေ မဖြစ်ပေါ်လာစေရေးတို့အတွက် အထူးသတိထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း SSPP က အသိပေးထုတ်ပြန်ထားပါတယ်။